ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဖနိုင်ရွာအနီးမှာ အာရက္ခတပ်တော် (AA) ရဲ့ တပ်သားနှစ်ဦးကို ချင်းအမျိုးသားတပ်မတော် (CNA) က ဖမ်းဆီးထားကြောင်း CNA က ဆလိုင်းထက်နီက ပြောကြားထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ AA တပ်သားတွေရဲ့ ဝန်ခံပြောဆိုတဲ့ ရုပ်သံဖိုင်တစ်ခု ဩဂုတ်လ ၁ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာခဲ့ပြီး အဲဒီရုပ်သံဖိုင်ထဲမှာတော့ AA တပ်သားတွေက မူးယစ်ဆေးသုံးစွဲတာနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှုတွေ ပြုလုပ်တဲ့အကြောင်း ထွက်ဆိုထားပါတယ်။
အဆိုပါ AA တပ်သားတွေဟာ မတူပီတိုက်ပွဲအတွင်း ဒဏ်ရာရတပ်သားတွေကို စာရင်းကောက်ဖို့ တာဝန်ထမ်းဆောင်နေစဉ် (CNA) က ဖမ်းဆီးခဲ့တာလို့ ဩဂုတ်လ ၃ ရက်နေ့မှာ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်တဲ့ ချင်းပြည်အစိုးရကတော့ ချင်းပြည်နယ်အရေးနဲ့ ချင်းလူမျိုးတို့ရဲ့ နိုင်ငံရေးကိစ္စရပ်တွေမှာ AA က ဝင်ရောက်စွက်ဖက်တာတွေ ရပ်တန့်ဖို့ဆိုပြီး ဇူလိုင်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။