မိသားစုကို အရိုးဆွေးတဲ့အထိ အလုပ်အကျွေးပြုတဲ့ တပ်မတော်သား
=========
မြန်မာစကားပုံတွေထဲမှာ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ” ဆိုတဲ့စကားပုံနဲ့ “ရေနစ်နေသူအတွက် ကောက်ရိုးတစ်မျှင်ဟာလည်း အားကိုးရာပဲ” ဆိုတဲ့ အတိုင်းပါပဲ…။
ဒီတစ်ခါမှာတော့ တပ်မတော်သား ခင်ပွန်းသည် ဆုံးပါးသွားပြီးနောက် ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ ဇနီးသည်အကြောင်းရေးသားဖော်ပြပေးလိုက်ပါတယ်။
ခမရ ၃၈၀ မင်းပြားမြို့က တကက ကျော်သိန်းရှိန် ဟာဆိုရင်ဖြင့် နိုင်ငံတော်အတွက် အသက်ပေးသွားခဲ့တဲ့ တပ်မတော်သား တစ်ယောက်ဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ ဇနီးနဲ့ မိသားစုဟာဆိုရင် ခင်ပွန်းဖြစ်သူ မဆုံးခင်မှာ မင်းပြားကနေ ထွက်ခွာလာခဲ့ပြီးတော့ မိတ္ထီလာမြို့မှာ ကုန်စိမ်းရောင်းပြီး သမုဒ္ဒရာဝမ်းတစ်ထွာအတွက် တစ်နေ့လုပ် တစ်နေ့စားဘဝဖြင့် ဘဝကို ခက်ခက်ခဲခဲရုန်းကန်နေရရှာပါတယ်။
အဲဒီလိုနဲ့ တစ်နေ့မှာတော့ ခင်ပွန်းဖြစ်သူ ရှေ့တန်းစစ်မြေပြင်မှာ နိုင်ငံအတွက် အသက်ပေးသွားခဲ့ပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ သူမဘဝရဲ့ ရွှေတောင်ကြီး ပြိုလဲခဲ့ပါပြီ။ သူ့မှာ အားကိုးစရာဆွေမျိုး ဆိုတာလည်းမရှိ ကျန်ခဲ့တဲ့ ကလေးတွေနဲ့ နေထိုင်စားသောက်ရေး အခက်အခဲများဖြစ်ပေါ်နေခဲ့ပါတယ်။
အဲ့အချိန်မှာ စားဝတ်နေရေးအဆင်ပြေဖို့အတွက် မျှော်လင့်ချက်တစ်ခုဖြစ်တဲ့ ခင်ပွန်းဖြစ်သူရဲ့ အကျိုး ခံစားခွင့်များကို စောင့်မျှော်နေဆဲမှာပဲ သတင်းတစ်ခု ကြားလိုက်ရတယ်။ အဲဒီသတင်းကတော့ သူမအတွက် “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ” ဆိုတဲ့အတိုင်းဖြစ်ခဲ့ပါပြီ။ ယခင်နေခဲ့တဲ့ တပ်ကလည်း အကြောင်းအမျိုးမျိုးကြောင့် ဆုတ်ခွာပေးလိုက်ရတဲ့အတွက် အကျိုးခံစားခွင့်နဲ့ ပတ်သက်ပြီး သူမရဲ့ မျှော်လင့်ချက်ကြီး ရိုက်ချိုးခံလိုက်ရပြန်တော့တာပါပဲ။
သူမမှာမေးစရာလည်းမရှိ ဘယ်သူ့ကိုမေးရမယ်မှန်းလည်းမသိ ဖြစ်နေခဲ့တဲ့အချိန်မှာ တစ်ဆင့်စကားတစ်ဆင့်နားမှ ရဲဝံ့စွန့်စားပြည်ချစ်သား Call Center သို့ ဆက်သွယ်ရင်ဖွင့်လာခဲ့ပါတယ်။ ကာယကံရှင် ရင်ဖွင့်ဆွေးနွေးလာခဲ့တဲ့အပေါ် Call Center အဖွဲ့သားမှ ချက်ချင်းဆောင်ရွက်ပေးခဲ့တဲ့အတွက် လစဉ် ပင်စင်ငွေ (၁၅၀,၉၅၇ ကျပ်)၊ အငြိမ်းစားဆုကြေး(၁၁,၄၄၂,၇၅ဝ ကျပ်)၊ ကကရေး ထောက်ပံ့ငွေ(၈၀၀,၀၀၀ ကျပ်)နှင့် အသက်အာမခံငွေ (၅၀၀,၀၀၀ ကျပ်) စုစုပေါင်း ၁၂၉ သိန်း ဝန်းကျင်ခန့် ရရှိခံစားရတော့မှာပါ။
Call Center မှ ဇနီးဖြစ်သူအား ပြန်လည်အကြောင်းကြားပေးခဲ့ရာ ရေနစ်နေသူအတွက် ကောက်ရိုးတစ်မျှင်ကလည်း အသက်ရှင်ဖို့အတွက် အားကိုးရာဆိုသလိုပဲ ဇနီးဖြစ်သူရဲ့ မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာခဲ့ပါပြီ…။
စစ်သားတစ်ယောက်က မိသားစုကို အရိုးဆွေးတဲ့အထိ အလုပ်အကျွေးပြုတယ်ဆိုတာ ပြောကောင်းအောင်လုပ်နေတဲ့ စကားပုံမဟုတ်ပါစကားပုံမဟုတ်ပါ…။
ယခုအကြောင်းအရာလေးကို ဖတ်နေတဲ့ တပ်မတော်သား မိသားစုဝင်များအနေဖြင့်လည်း မိမိတို့ရဲ့ အခက်အခဲများကို ရဲဝံ့စွန့်စား ပြည်ချစ်သား Call Center ဖုန်း- ၀၉၆၆၈၆၄၀၆၁၁ သို့ဆက်သွယ်ပြီး ရင်ဖွင့်ဆွေးနွေးဖို့ အမြဲဖိတ်ခေါ်အပ်ပါတယ်။