▪️နစက အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟဲဝေတုန် (General He Weidong) နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့တော်တွင် တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအပါအဝင် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
▪️ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး တုန်ကျွင်း (Admiral Dong Jun)၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် ပေကျင်း ရှန်ကျန်း ဖိုရမ် (11th Beijing Xiangshan Forum) သို့ ပါဝင်တက်ရောက်ခဲ့စဉ်မှာ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့် ပေကျင်းမြို့ ပိုင်ယိခန်းမ (Bayi Hall) ၌ စက်တင်ဘာ ၁၃ရက်က တွေ့ဆုံဆွေးနွေးစဉ် အဆိုပါကိစ္စရပ်များကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
▪️ဗိုလ်ချုပ်ကြီးတင် အောင်စန်းသည် တရုတ် ဗိုလ်ချုပ်ကြီး ဟဲဝေတုန်နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကာကွယ်ရေးဆိုင်ရာ နယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ စစ်ဘက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးနှင့် သင်တန်းသားများစေလွှတ်ရေး၊ ဒေသတွင်းနှင့် မြန်မာနိုင်ငံ၏ လတ်တလောအခြေ အနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။