ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအနီးရှိ ဝက်အင်းနဂါးရွှံ့မီးတောင် ပေါက်ကွဲမှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေး၀-ရွာအနီးတွင် ဒေသအခေါ် ဝက်အင်း နဂါးအမည်ရှိ ရွှံ့မီးတောင် ၄ ခုပါ မီးတောင်အုပ်စုမှ မြောက်ဘက်အစွန်ဆုံး မီးတောင်သည် အောက်တိုဘာလ ၅ ရက် နံနက် ၁၁ နာရီခန့်တွင် မိနစ် ၃၀ ကြာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် ရွှံ့ရည်ပူ များ အမြင့် ၁၀ ပေခန့်အထိ လွင့်စင်ပေါက်ထွက်ခဲ့ပြီး ရွှံ့မီးတောင်၏ဘေးပတ်လည် ၃၀၀ ပေ ခန့် ရွှံ့ချော်ရည်များ ဖုံးလွှမ်းခဲ့သော်လည်း လူ၊ တိရစ္ဆာန်နှင့် လယ်ယာမြေ စိုက်ခင်းများ ထိခိုက် ပျက်စီးဆုံးရှုံးမှုမရှိခဲ့ဘူးဟုဆိုသည်။

ရမ်းဗြဲကျွန်း၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအနီးတွင် ဝက်အင်းနဂါးရွှံ့မီးတောင်အုပ်စု၊ ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် သပြေတောနဂါးရွှံ့မီးတောင်အုပ်စု ၃ ခုရှိရာ ၎င်းတို့အနက် ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် ဝက်အင်းနဂါးရွှံ့မီးတောင်အုပ်စုတို့မှာ အများဆုံးပေါက်ကွဲလေ့ရှိကြောင်း သိရသည်။

အဆိုပါ ရွှံ့မီးတောင်များ၏ အမြင့်များမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၀ မီတာမှ ၆၀ မီတာခန့် အထိရှိပြီး မီးတောင်ပေါက်ကွဲရန် ပံ့ပိုးပေးသည့် ကုန်းမြေထုလှုပ်ရှားမှုနှင့် မြေအောက် ဓာတ်ငွေ့များစုစည်းကာ ပေါက်ကွဲထွက်လာမှုတို့ကြောင့်ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်းသည်ဟု ပညာရှင်များက ဆိုထားသည်။

ယခုပေါက်ကွဲခဲ့သည့် ဝက်အင်းနဂါး ရွှံ့မီးတောင်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ (၆) ကြိမ် ပေါက်ကွဲခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *