ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၄ ရက်၊ ညနေပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ပူဇော်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။
ထိုသို့ရက်ကန်းအဖွဲ့များက ရက်ကန်းစတင်ရက်လုပ်သည်နှင့်တစ်ပြိုင်နက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့များနှင့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်တေးသီချင်းဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေကြပြီး အခမ်းအနားတက်ရောက်လာကြသူများက မီးပုံးပျံငယ်များနှင့် မိုးပျံပူဖောင်းများကို တစ်ပြိုင်နက်လွှတ်တင်ခဲ့ကြပါတယ်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၏ ရက်ကန်းစင်တော် ၁၅ ခုမှ ရက်ကန်းအဖွဲ့များ၏ မသိုးရွှေကြာသင်္ကန်းရက်လုပ်နေမှုများကို ရက်ကန်းစင်တော်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စိန်နားပန်မီးပုံးပျံများနှင့် ညမီးကျည် (ညမီးကြီး) မီးပုံပျံများလွှတ်တင်မှုများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပါတယ်။