လေးစားဖွယ် အညတြသူရဲကောင်းလေး

ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် ၊ ပေါက်မြိုင်ကျေးရွာအုပ်စု ၊ အောင်သုခကျေးရွာမှာ ရုတ်တရက်ရေကြီးလာချိန်မှာ အိမ်ခြေပေါင်း (၁၇၀)ကျော်ရှိပြီး နေပြည်တော်တိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးအစပ် သာဝတ္တိကနေ ၄မိုင်ခန့်သွားရတဲ့ ကျေးရွာလေးမှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ မကြုံစဖူး ရုတ်တရက်ကြီးမြင့်လာတဲ့ ရေရဲ့ဒဏ်ကို ထိတ်လန့်တုန်လှုပ်ခံစား ခဲ့ကြရပါတယ်။

အဲဒီအချိန်မှာ မြစ်ရဲ့သောင်ခုံမှာ တံငါအလုပ်နဲ့အသက်မွေးဝမ်းကျောင်းပြုပြီး မိဘကျောင်းမထားနိုင်လို့ကျောင်းမတက်နိုင်တဲ့ ဆိတ်လေးတွေမွေးပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အသက် ၁၂ နှစ်အရွယ်သာရှိတဲ့ “ပေါများ”လို့အမည်ရတဲ့ မပေါများတဲ့ဘဝကို ရရှိပိုင်ဆိုင်ထားတဲ့ လူငယ် ကောင်လေးဟာ
မိမိပိုင်ပစ္စည်းတွေနဲ့ဆိတ်တွေကို ဥပေက္ခာပြုပြီး
တံငါရှာရာမှာ အသုံးပြုနေတဲ့လှေငယ်ကို ရွာဘက်ကို
ဦးတည်လှော်ပြီး ငုပ်တုပ်ထိုင်ကြည့်ရင်းမှ ရေနစ်ကာ
အသက်ဆုံးရှုံးရမဲ့ မိမိရွာသားတွေရဲ့ ၇၀% ကို ၂ ရက်နီးပါး အသက်အရွယ်နဲ့မမျှအောင် နေ့/ညတစ်ယောက်တည်း အပင်ပန်းအဆင်းရဲခံပြီး မြစ်ကိုဖြတ်ကာ ရေဘေးလွတ်ရာကို ကယ်တင်နိုင်ခဲ့ပါတယ်။

လူ့ဘဝကရခဲတယ် ရခဲတဲ့လူ့ဘဝမှာ အသက်ရှင်ခွင့်
အသက်ရှည်ခွင့်ရဖို့က ပိုမိုခက်ခဲပါတယ်။အဲဒါထပ်
ခက်ခဲတာကတော့ ကပ် ၃ ပါးဘေး ကြုံနေချိန် မိမိအသက်ကို မငဲ့ညှာပဲ လူအများကို အသက်နဲ့ယှဥ်ပြီး ကိုယ်ကျိုးစွန့်တာက သာလွန်ခက်ခဲတဲ့အလုပ်ပါ။

ရေကြီးနေစဥ်ကာလမှာလဲ ရေဘေးသင့်ပြည်သူတွေကို အလှူရှင်တွေက လာလှူတာကို သူရဲ့လှေငယ်နဲ့
အခမဲ့ နေ့/ည လိုက်လံပြီး လှော်ခတ်ပို့ဆောင်
ပါရမီဖြည့်ဆည်းပေးခဲ့ပါသေးတယ်။

လေးစားဖွယ်
စိတ်ဓာတ်ပိုင်ရှင်ပါပဲ။ ကိုယ်ကျိုးအတ္တကို ဥပေက္ခာပြု
အများကောင်းကျိုးကို ရှေးရှုပြီး အတန်းပညာမရှိသော်ငြားတဒင်္ဂအတွင်းမှာ အတ္တနဲ့ ပရ ကို ခိုင်မာပိုင်နိုင်စွာ
ဆုံးဖြတ်နိုင်တဲ့ ဒီကလေးရဲ့စိတ်ဓာတ်ကို လေးစားမိပါတယ်။

နေရာဒေသတိုင်းမှာ သူ့လိုလူငယ်တွေ များများပေါ်ထွက်နေရင် အဲဒီနေရာ အဲဒီဒေသဟာ တိုးတက်ဖွံ့ဖြိုးဖို့ အသေအချာပါပဲ။