အသားညိုညို မျက်နှာလေးထောင့်၊ အရပ်က ၆ပေနီးပါး ဒေါင် ကောင်းကောင်းနှင့် ကွန်ဘက်ဖိနပ် ဆိုဒ် နံပတ်၈ဆို နည်းနည်းကျပ်သော သံမဏိ စစ်သားကြီး ဆရာသည် မဖျားနာအောင် အမြဲဂရုစိုက်နေသည်။
သူများဖျားရင်လည်း မကြိုက်။ တပည့်များ ဖျားနာနေလျင်ပင် လ ရောင်ဆမ်းမှ ကျန်းမာရ စမ်းသပ်မှုမျိုးဖြင့် စမ်းသပ်ခဲ့လေသောဆရာ၊ ပါ ဂျိုစခန်း တိုက်စဥ်က အဖျား ၁၀၄ဒီဂရီ ၁၀၅ဒီဂရီနှင့် တိုက်ခဲ့ရကြောင်း အမြဲပြောလေ့ရှိသည်။
ဗိုလ်ကြီးမောင်ငယ်တစ်ယောက် ဖျားလို့ဆိုပြီး ခြံစည်းရိုး ပြင်နေကြ သည့် ရဲဘော်တွေကို လာမကြည့်လို့ မေးဖူးသည်။
" လူလေး.. အဖျားက ဒီဂရီ ဘယ်လောက်လဲ"
" ၁၀၂ပါ"
" ၁၀၂လောက်နဲ့များ မသွားနိုင် မလာနိုင် ဖြစ်ရတယ်လို့.. ရှက်စရာ ကောင်းလိုက်တာ၊ ကျုပ် အဖျား ၁၀၄၊၁၀၅ကြီးနဲ့ ပါဂျိုစခန်းကို တက် တိုက်ခဲ့ တာဗျ"
ကဲ.. ဘယ်လောက်တောင်လဲ ဆိုတာများ။ ဗိုလ်ကြီးမောင်ငယ်တစ် ယောက် ခြံစည်းရိုးကို ပြေးသွားတာ အဖျားတောင် ပျောက်သွားဆိုပဲ။
သံမဏိ စစ်သားကြီးတစ်ယောက် လရောင်မဆမ်းလိုက်ရဘဲ ပန်းဖျား ဖျားသည့် အချိန်ကို ရောက်လာပါတော့သည်။
ဆေးအမ်အေ(ဆေးအရာခံဗိုလ်) ဆရာ့ထံ ရောက်လာသည်။ အဖျား အပူချိန် သိရအောင် ဆရာ့ပါးစပ်ထဲ သာမိုမီတာ ထည့်ပေးပြီး နာရီကို ကြည့်နေသည်။
တစ်မိနစ်ပြည့်ချိန် သာမိုမီတာ ဖြုတ်ရန် လက်အလှမ်း ဆရာက လက် ဖဝါးထောင်ပြလိုက်သည်။ ပြီးတော့ ဝိုက်ပြီး စက်ဝိုင်းပုံ လုပ်ပြသည်။ နောက် ထပ်တစ်မိနစ် ဆက်စောင့်ပါ၊ အဖျားဒီဂရီ သေချာအောင် နှစ်မိနစ် တိုင်းပါ ဆိုသည့်သဘော။
သာမိုမီတာက တစ်မိနစ်ပဲ တိုင်းရတာ။ တစ်မိနစ်ထက် ပိုပြီးတိုင်းရင် အပူချိန်က ပိုတက်သွားရော။ ဖျားနေသည့်လူဖြစ်လို့ အပူချိန်က ကြာကြာ တိုင်းလေ တက်လေဆိုတာ ဆရာမသိ။
နှစ်မိနစ်ပြည့်တော့ သာမိုမီတာကို ထုတ်ပြီး ဆေးအမ်အေကြီးက ကြည့် ကာ ရှိသည့် ဒီဂရီထက် နှစ်ဒီဂရီ လျော့ပြီး ဆရာ့ကို ပြောလိုက်သည်။
" အဖျားက ၁၀၂ပါ"
သာမိုမီတာကို မခါခင် ပေးဦးဆိုပြီး ဆရာလှမ်းယူကာ...
" ဗိုလ်ကြီးထွန်းထွန်းဦးရေ.. သာမိုမီတာကို.. ကြည့်စမ်းပါကွာ"
ဗိုလ်ကြီးထွန်းထွန်းဦးက သာမိုမီတာမှာ ပေါ်နေသည့်အတိုင်း ဖတ်ပြ လိုက်သည်။
" ၁၀၄ပါ"
ဆေးအမ်အေကြီးပြောသည့် အပူဒီဂရီထက် နှစ်ဒီဂရီ ကွာနေပြီပေါ့။
" အဲ့ဒါပြောတာ... အမ်အေကြီးက သာမိုမီတာ မဖတ်တပ်ဖူးကွ"
ဆေးအမ်အေကြီးက ဆရာ့ကို မပြောရဲလို့ ဗိုလ်ကြီးထွန်းထွန်းဦးနှင့် နှစ်ယောက်ချင်းတွေ့မှ...
" ဗိုလ်ကြီးရယ်.. သာမိုမီတာက တစ်မိနစ်ပဲ ထားရတာ..သူက နှစ်မိနစ် ထားခိုင်းတော့ နှစ်ဒီဂရီ လျှော့ပြောမှ မှန်တော့မှာပေါ့.. ရှင်းပြရင်လည်း လက်ခံမှာ မဟုတ်ဘူး"
ဆရာ့မှာကလည်း ဆေးအမ်အေတွေနှင့် ပတ်သက်ပြီး ယုံကြည်မှု နည်း ခဲ့ သည့် အတိတ်တွေကလည်း ရှိနေမင့်ကိုး။ နဖူးက အမာရွတ် စမ်းမိတိုင်း ပြန်သတိရနေသလို။ ပါဂျိုတိုက်တုန်းက ရခဲ့သည့် ဘိန်းဖြူတွေကို အမည် မသိ ဓါတုဗေဒဆေးမှုန့်လို့ အမည်တပ်ခဲ့တာလည်း ဆေးအမ်အေ ပဲလေ။
ဆရာကတော့ တွေ့သည့်လူတိုင်းကို ...
" အမ်အေကြီးကို သေသေချာချာကြည့်နော်.. သူက သာမိုမီတာ ဖတ်တပ်တာ မဟုတ်ဘူး" လို့သာ ပြောနေတော့သည်။
ဆရာ့အဖျားကမပျောက်။ နောက်ဆုံးတော့ မြစ်ကြီးနား စစ်ဆေးရုံ ခု တင်၁၀၀မှာ ဆေးရုံတင် ကုသရသည့် အခြေအနေကို ရောက်သွားသည်။
ဝေဒနာကို အတော်ခံလိုက်ရပြီး လူလည်း ပိန်ကျသွားသည်။ ပြောရရင် အတော်အရုပ်ဆိုးပါသည်။ တောင့်တောင့်တင်းတင်းနှင့် အမြဲတွေ့နေရသူက အာတာလွတ်မြို့စားကြီး လေလျှော့ထားသည့်ပုံ ဖြစ်နေလို့ သနားမိသည်။
အတော်ကြာ ကုသလိုက်မှ နလံထ လူနာအဆင့်ကို ရောက်လာသည်။ ဇနီး သားသမီးကလည်း မရှိလေတော့ IO AQ နှစ်ယောက်ဖြစ်သည့် ဗိုလ် ကြီးထွန်းထွန်းဦးနှင့် ဗိုလ်ကြီးသက်ဦးတို့ပဲ အနီးကပ် စောင့်ရှောက် ပြုစု နေကြရသည်။
ခံတွင်းပျက်နေသော လူနာအား နလံထစ ခံတွင်းမြိန်စေရန် ထမင်း ပူပူလေးကို ဆီဆမ်း ဆားဖြူးပြီး ကြက်ဥဟပ်ဖရိုက်လေးနှင့် စားကြည့်ပါ ရန် ဗိုလ်ကြီးထွန်းထွန်းဦးက ဆရာ့ကို ပြောကြည့်သည်။
" အေး.. စားကြည့်တာပေါ့ကွာ"
ဆရာ့ဆီက အဖြေရသည်နှင့် ဗိုလ်ကြီးသက်ဦးကို လှမ်းပြီး မျက်စပစ် ကာ အချက်ပြလိုက်သည်။
ဗိုလ်ကြီးသက်ဦးလည်း ကြက်ဥသုံးလုံး အမြန်ဝယ်ပြီး ဆေးရုံဘေး နား က စျေးဆိုင်လေးမှာ ဆရာ့ယာဥ်မောင်း ချစ်ထွေးကို ကြက်ဥဟပ်ဖရိုက်ကြော်ရန် တာဝန်ပေး စီမံလိုက်သည်။
ဗိုလ်ကြီးထွန်းထွန်းဦးက ဆရာ့နား ပြန်ရောက်လာပြီး ထမင်းကို ပန်း ကန်ပြားတွင်ထည့် ဆီဆမ်း ဆားဖြူး ဇွန်းနှင့်ခက်ရင်း ပြင်ဆင်ပြီး ကြက်ဥ ဟပ်ဖရိုက် အလာကို စောင့်နေသည်။
ဆရာက လေသံတိုးတိုးလေးနှင့်...
" ကြက်ဥဟပ်ဖရိုက်ကို ဘယ်သူစီမံနေတာလဲ လူလေး"
" ချစ်ထွေး ကြော်နေတာပါခင်ဗျ"
ခုတင်ပေါ် မှိန်းနေသောလူနာ ဆတ်ခနဲ ထထိုင်လိုက်ပြီး...
" ဟာ.. အားလုံးသွားပြီ.. အားလုံးပျက်စီးကုန်တော့မှာ.. လူလေး မောင်ချစ်ထွေးကို အမြန်သွားခေါ်လိုက်ပါ"
ဆရာ၏ အလန့်တကြား အမူအရာကြောင့် စိုးရိမ်ပြီး ချစ်ထွေးကို အ မြန်ပြေးခေါ်လို့ ချစ်ထွေးလည်းအရောက် ဗိုလ်ကြီးသက်ဦးလည်း ကြက်ဥ ဟပ်ဖရိုက်ကြော်တွေ ထည့်ထားသည့် ပန်းကန်ကြီး ကိုင်ပြီး နောက်က ကပ်ပါလာသည်။
ဗိုလ်ကြီးထွန်းထွန်းဦး ကြက်ဥပန်းကန်ကို လှမ်းကြည့်လိုက်တော့မှ ရှေ့ရေးကို ကြိုမြင်တတ်သော ဆရာ့ကို မလေးစားဘဲ မနေနိုင် ဖြစ်သွား ရသည်။ တပည့်အကြောင်းသိလို့ အချိန်မီ တားသော်လည်း လက်လွန် သွားချေပြီ။
ပန်းကန်ပြားထဲတွင် ကြက်ဥဟပ်ဖရိုက် နှစ်လုံးက ပြဲရွဲလို့ ပုံပျက်ပန်း ပျက်နှင့်။ နောက်ဆုံးမှ ကြော်ပုံရသည့် တစ်လုံးကတော့ အနှစ်နည်းနည်း ပေါက်သွားပေမဲ့ ပုံသိပ်မပျက်တာမို့ အဲ့ဒီ့ ကြက်ဥဟပ်ဖရိုက်လေးကိုသာ ထမင်းပန်းကန်ထဲ ထည့်ပြီး ဆရာ့ကို ကျွေးမွေးလိုက်သည်။
ဆရာလည်း နလံထ ပီသစွာ တစ်ဇွန်း နှစ်ဇွန်းသာ စားပြီး ထမင်းပန်း ကန်ကို စားပွဲပေါ် ချလိုက်သည်။
" ကဲ..မောင်ချစ်ထွေးရေ.. ခုနက မင်းကြော်တဲ့ ကြက်ဥဟပ်ဖရိုက် နှစ်လုံးကို ထမင်းပန်းကန်ထဲ ထည့်လိုက်စမ်းဟေ့"
ချစ်ထွေးလည်း အူကြောင်ကြောင် မျက်နှာပေးနှင့် ကြက်ဥကြော် အားလုံးကို ထမင်းပန်းကန်ထဲ ထည့်လိုက်သည်။
ဆရာ့ဆီက နလံထ လူနာအသံ ညှောင်နာနာ ထွက်လာသည်။
" မောင်ချစ်ထွေး.. ခါးတောင်ကျိုက်လိုက်စမ်းကွာ"
ဆေးရုံ၏ လူနာဆောင် အခန်းထဲတွင် ချစ်ထွေးလည်း နဝေတိမ်တောင် ကနေ မျက်နှာ စပ်ဖြဲဖြဲဖြစ်ကာ ပုဆိုးကို ပြင်ဝတ်ပြီး ခါးတောင်းကို မြှောင်နေအောင် ကျိုက်လိုက်သည်။
" ကဲ.. မောင်ချစ်ထွေး.. ဒီထမင်းဆီဆမ်းလေးနဲ့ မပီမပြင် မင်းလက်စွမ်း ပြထားတဲ့ ကြက်ဥဟပ်ဖရိုက် သုံးလုံးကို ချစ်ထွေးကွ.. ချစ်ထွေးကွ.. ချစ်ထွေးကွ သုံးကြီမ်အော်ပြီး အားရပါးရ စားပြလိုက်စမ်းကွဲ့"
စကားအရှည်ကြီး ပြောလိုက်ရလို့ ဆရာမောသွားသည်။ ဗိုလ်ကြီး ထွန်းထွန်းဦးနှင့် ဗိုလ်ကြီးသက်ဦးတို့လည်း ဆရာမမြင်အောင် ကြိတ်ရယ် ကြသည်။ သူတို့ကို မစားခိုင်းတာ ကံကောင်း။
ဖင်ပြောင်နေအောင် ခါးတောင်းကျိုက်ထားသော ချစ်ထွေးတစ်ယောက် စပ်ဖြဲဖြဲ မျက်နှာပေးနှင့် ပါးစပ်က..
" ချစ်ထွေးကွ.. ချစ်ထွေးကွ.. ချစ်ထွေးကွ"
ဟု သုံးကြီမ်အော်ပြီး ထမင်းနှင့် ကြက်ဥဟပ်ဖရိုက်များကို ဆရာ့ရှေ့ မှာ အားရပါးရ စားပြနေရှာတော့သည်။
ဒါတောင် အဲ့ဒီ့အချိန်က ဆရာ နလံထစ အချိန်နော်။
တပ်ရင်းမှာတော့ တပ်ရင်းမှူးကြီး ကားမောင်းတဲ့သူက ဘယ်သူလဲ ဆိုတာနှင့် " ဟပ်ဖရိုက်ချစ်ထွေးလေကွာ" ဆိုပြီး နာမည်သစ်တစ်ခု ဆရာ့ ကြောင့် ရသွားပြန်လေပြီ။