စကားဝိုင်းက အရှိန်ရလာလေပြီ။ " ဒါဆို... ဘဝမှာ အရေးအကြီးဆုံးက ကျန်းမာရေးဆိုရင် ဒုတိယအရေးကြီးတာ ဘာ ဖြစ်မလဲ" " ပေါင်းသင်းဆက်ဆံရေးပေါ့ဖေဖေ" မေးခွန်းကပေါက်ပြီးသားမို့ ရဲရဲတင်းတင်းဖြေလိုက်သည်။ သို့သော်... " သားပြောတာ မှန်ပေမဲ့ ဒါက တတိယအချက်ကွ၊ တကယ့်ဒုတိယ အရေးကြီးတဲ့ အ ချက်က စိတ်ဝင်စားမှုကွ" " စိတ်ဝင်စားမှု" " အေး... ဘာကိုပဲလုပ်လုပ် စိတ်ဝင်စားမှုရှိရမယ်၊ ဒေါက်တာတစ်ယောက်က သူ့ရဲ့ ဆေးကုတဲ့ လုပ်ငန်းအပေါ် စိတ်ဝင်စားတယ်ဆိုတာ မထူးဆန်းပေမဲ့ သူစီးလာတဲ့ ကားအကြောင်းလည်း စိတ်ဝင်စားထားသင့်တယ်၊ ကားပျက်လို့ မပြင်တတ်ရင်တောင် ကားဝပ်ရှော့ ဘယ်မှာရှိလဲဆိုတာ စိတ်ဝင်စားပြီး သိထားသင့်တယ်" " ဟုတ်ကဲ့"" ဘယ်အလုပ်ကိုပဲလုပ်လုပ် စိတ်ဝင်စားမှု မပါရင် မအောင်မြင်နိုင်ဘူး၊ ဒီလိုစိတ်ဝင်စား မှလည်း သားပြောတဲ့ တတိယအချက် ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေနိုင်မှာပေါ့"
မောသွားပြီထင်သည်။ ဖေဖေခဏနားနေသည်။ ဒါက ကျွန်တော့်အထင်ပါ။ အမှန်က စကားပြောနေရရင် ဖေဖေ ဘယ်တော့မှ မမော။ ” ပေါင်းသင်းဆက်ဆံရေးအပိုင်းကတော့ ချဲ့ရင်ချဲ့သလောက်တာသွားတယ်၊ ဒေးကာနက်ဂျီကြီးကတော့ အသေးစိတ်ရေးပြထားတယ်၊ သားကြီးဖတ်ကြည့်ပေါ့၊ ဖေဖေမှတ်မိသလောက်တော့ ပြောပြမယ်” ဖေဖေပြောသော မိတ္တဗလဋီကာထဲမှ အချက်များ။ ” လူများနှင့်ဆက်သွယ်ရာတွင် ရယ်ရယ်ပြုံးပြုံး မလုပ်ဘဲ ခပ်တည်တည် ဆက်သွယ်တတ်သော သူများသည် အလုပ်လုပ်ရ၌ အောင်မြင်ရန် ခဲယဉ်းကြောင်း ဂရုထား၍ ကြည့်ရှုမိသည်” ” အခြားသောသူများကသင့်ကို ရွှင်ရွှင်ပျပျ လက်ခံစကားပြောရန် အလိုရှိခဲ့သော် အခြားသူများကိုလည်း သင်သည်ရွှင်ရွှင်ပျပျ ဆက်ဆံရပေမည်” ” တစ်ဖက်သား မေတ္တာရှိအောင်လုပ်ဖို့ အလွယ်ကူဆုံးနှင့် အရေးကြီးဆုံး နည်းများအနက် နည်းကောင်းတစ်လက်မှာ ထိုလူ၏နာမည်ကို မှတ်မိအောင်လုပ်၍ ထိုလူအား မိမိကိုယ် မိမိ အထင်ကြီးခွင့်ရအောင် ပြုလုပ်ပေးခြင်းပင်ဖြစ်သည်” ” နာမည်များကို မှတ်မိအောင် ပြုလုပ်ခြင်းသည် နိုင်ငံရေး၌သာ မဟုတ်ကုန်ရောင်းကုန်ဝယ်မှု ၊ပေါင်းသင်းဆက်ဆံမှု များ၌လည်း ထပ်တူထပ်မျှလောက် အရေးပါလေသည်” ” လောကတွင် သုတိအသာယာဆုံး အသံသည် မိမိ၏နာမည်ကို လူတစ်ယောက်က ခေါ်လိုက်သောအခါ ကြားရသောအသံ ဖြစ်ကြောင်းသတိပြုပါ” ” လူတစ်ဦး ပြောသောစကားများကို စိတ်ပါလက်ပါ နားထောင် ပေးခြင်းသည် ထိုလူအား အကောင်းဆုံး ချီးကျူးခြင်းတစ်ရပ်ပင် ဖြစ်လေသည်” ” လူတို့တွင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလိုသော ဆန္ဒသည် အပြင်းဆုံး ဆန္ဒဖြစ်သည်” ” အကယ်၍ သင်သည်မှားခဲ့ပါလျင် ထိုအမှားကို လျင်လျင်မြန်မြန်နှင့် လေးလေးနက်နက် ဝန်ခံပါ”
ဆိုင်လေး ပြန်ဖွင့်ခါစအချိန်။ ကိုဇော်က မင်းဘူးမှာ ဆိုင်လေးဖွင့်ထားသည်။ ကိုဗစ်ကာလ မိသားစုနှင့် ရန်ကုန်မှာ ကိုဗစ်ဖြစ်၊ ဆေးကု၊ ကာကွယ်ဆေးထိုးပြီး မင်းဘူးကို ပြန်ပြေးရပြန်ပေါ့။ ” ဘာဖြစ်လို့လဲဟ၊ မင်းဘူးမှာ ညီတစ်ယောက်ထဲလား” ” ဟုတ်တယ်၊ ကလေးတွေ ကျောင်းကိစ္စနဲ့ ချောစုတို့က ရန်ကုန်မှာပဲ။ ညီတစ်ယောက် ထဲ မင်းဘူးမှာ၊ ဖေဖေ့ကို သတိရတာ က ဖေဖေပြောခဲ့တဲ့ ဆင်ချောင်လို့ ကြောင်ကျပ်တာ ဖြစ်သွားလို့ ကိုကြီးရေ” ” ပြောပါဦး… ဘာတွေဖြစ်သွားလို့လဲ” ” ဒီလို ကိုကြီးရေ…..” ကိုဗစ်ကာလ ဆိုင်ပိတ်ထားတုန်း နယ်မှဖောက်သည်များက ကုန်ဖိုးငွေများကို မင်းဘူး ဘဏ်သို့ ငွေလွှဲထားသည်။ ရန်ကုန်က မင်းဘူးကို ပြန်လာတာလည်း ဒီငွေတွေထုတ်ချင်တာ ပါသည်။ ဘဏ်ရောက်တော့ လုံခြုံရေး၏ တားဆီးထားမှုကြောင့် ဘဏ်အတွင်းကိုမပြောနှင့် အဝမှာပင် တစ်ဆို့နေသည်။ အကြောင်းပြချက်က ကိုဗစ်ကြောင့်ရော လုံခြုံရေးကြောင့်ပါပေါ့။
” ငွေလွှဲလာလို့ ဘဏ်မှာဝင်မဝင် ကြည့်ပေးပါ”လို့ လုံခြုံရေးကို မျက်နှာချိုလေးနဲ့ ပြော သော်လည်း ” ဒီမှာခဏစောင့်” ဆိုပြီး စူပုတ်နေတဲ့ မျက်နှာထားနဲ့ ဘဏ်ထဲဝင်သွားလေသည်။