တရုတ်နိုင်ငံသို့ နယ်စပ်ကနေ ဆန်တင်ပိုဖို့ လိုင်စင်အသစ်ချထားပေးတာမရှိတဲ့အတွက် ဆန်နဲ့ ဆန်ကွဲတင်ပို့မှု ရပ်ဆိုင်းလုနီးဖြစ်နေတယ်လို့ မူဆယ်နယ်စပ် ဆန်ကုန်သည်တွေဆီက သိရပါတယ်။
“ဆန်လိုင်စင်အသစ်က ဖေဖော်ဝါရီလဝက်လောက်ထဲက မထုတ်ပေးတာ။ ဧပြီလကုန်လောက်တော့ ပြန်ထုတ်ပေးမယ်တော့ကြားတယ်။ အခုက နယ်စပ်ပို့ကုန်ရငွေ ၆၅၊ ၃၅ အချိုးကျသုံးစွဲပိုင်ခွင့် ကန့်သတ်လိုက်တာရော၊ နယ်စပ်ဆန်တင်ပိုဖို့ လိုင်စင်အသစ်မချပေးသေးတာကြောင့်ရော တင်ပို့မှုက ရပ်ဆိုင်းလုနီးဖြစ်နေတာ”လို မူဆယ်နယ်စပ်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ပြည်တွင်းဆန်ဈေး အဆမတန်မြင့်တက်ချိန်နဲ့ ပိုကုန်ရငွေ အချိုးကျသုံးစွဲပိုင်ခွင့် ကန့်သတ်လိုက်တဲ့အတွက် ဆန်ကုန်သည်တွေက အကျိုးအမြတ်ရရှိမှုနည်းလို့ အများစုက ဆန်တင်ပို့မှုကို ရပ်နားခဲ့ကြတာလည်း ဖြစ်ပါတယ်။