လောက်ကိုင်ဒေသနဲ့ ကွတ်ခိုင်၊ ပြီးတော့ လွယ်ဂျယ်မြို့တွေမှာ လက်နက်ကိုင်တပ်တွေ အင်အားပြခွင့်ရနေတဲ့ အနေအထားက ဖက်ဒရယ်နဲ့ပတ်သက်ပြီး တစ်ခုခုများ မူဝါဒလျော့ပေးနေသလားဆိုတဲ့ အတွေးမျိုးတော့ ခံစားမိစေတယ်။
ဒီအတွေးက ဘာလို့ဖြစ်ပေါ် ရသလဲဆိုတော့ ကိုယ်တွေတပ်မတော်အနေနဲ့ အဓိက အားသာတဲ့ လေကြောင်း အလေးသာမှုကို အချိန်မရွေးသုံးလို့ရနိုင်သလို သတင်းတိကျ ခိုင်မာမှုသာရှိရင် ရန်သူ့တည်နေရာကို အချိန်မရွေး ဗုံးကြဲ တိုက်ခိုက်နိုင်စွမ်းလည်း ရှိနေတာတွေ့ရတယ်။ လောလောလတ်လတ်မှာကို… AA သိမ်းပိုက်ထားပါတယ်ဆိုတဲ့ မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူး ရုံးကို တပ်မတော်က ဗုံးကြဲတိုက်ခိုက်လို့ AA တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်ဆိုတဲ့ သတင်းကို သတင်းမီဒီယာတွေမှာ ဖော်ပြလာခဲ့တာ တွေ့ရတယ်။ ဆိုတော့….ရန်သူ့ဌာနချုပ် နေရာတွေကို တပ်မတော်ကသာ တကယ်ပြတ်ပြတ်သားသား ဆောင်ရွက်မယ်ဆိုရင်…အချိန်မရွေးတိုက်ခိုက်လို့ရတယ် ဆိုတဲ့အနေအထားတော့ ရှိနေသေးတယ်လို့ ယုံကြည်ရတာပါပဲ။
လက်နက်ကိုင် EAO တွေအနေနဲ့ မြေပြင်မှာ ဘယ်လောက်အသာစီးရနေပါတယ်ပြောပြော တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုက အမြဲတစေ ချိမ်းခြောက်မှု ရှိနေရင် သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို တည်ငြိမ်အေးချမ်းတဲ့ဒေသအဖြစ်နဲ့ ပုံဖော်နိုင်ဖို့ ခက်နေဦးမှာပါပဲ။ တကယ်တော့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေး ယန္တရား တွေ စတင်နိုင်ဖို့ဆိုရင်….ဒါမှမဟုတ် ဥပမာ..TNLA ဖော်ဆောင်နေတဲ့ တအာင်းပညာ ရေးစနစ်ဆိုတာမျိုးတွေ အားကောင်းချင်ရင် ဗဟိုအစိုးရရဲ့ အသိအမှတ်ပြုမှုက မဖြစ်မနေ လိုအပ်နေမယ်ဆိုတာ သတိပြုသင့်ပါတယ်။
တကယ်တော့ စစ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားရတဲ့ မြို့/ရွာတွေဟာ နဂိုအတိုင်း စည်ပင်သာယာဖို့ဆိုတာ အတော်လေးခက်ပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆိုတာကလည်း စစ်ပွဲတွေ အဆုံးသတ်နိုင်မှ စတင်လို့ရတဲ့ အခြေအနေပါ။ ခုလည်း မုန်တိုင်းဝင်ထားတာ မကြာသေးတဲ့ရခိုင်မှာ စစ်ကြောင့် မြို့/ရွာတွေ အထိနာဦးမယ်ဆိုရင်…. အကျိုးဆက်အနေနဲ့ ရခိုင်ပြည်နယ်က ဒေသတွင်းနေထိုင်သူတွေပဲ အဓိက ခံစားရဦးမှာပါ။ ပထမဆုံး စစ်ပွဲဖြစ်လိုက်တာနဲ့ ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ဒီလူတွေပဲ အရင်ဆုံးခံစားရမှာဖြစ်ပါတယ်။ ကုန်စည်တွေက အရင်လို မလည်ပတ်နိုင်တော့သလို လမ်းကြောင်းပိတ်တာတွေပါဖြစ်လာရင် မိုးတွင်းကာလမှာ ပိုပြီးဆိုးတဲ့အခြေအနေဆိုးကြီးကို ဖြတ်သန်းကြရဦးမှာပါ။ ဒီကြားထဲ နိုင်ငံတကာကပါ AA အပေါ်ကို နိုင်ငံရေးအရ ဖိအားပေးနေလို့ AA အနေနဲ့ ခုထက်ပိုပြီးပြင်းထန်တဲ့ ဖိအားတွေကို ရင်ဆိုင်ကြရဦးမယ်ဆိုတာ မလွဲမသွေဖြစ်နေခဲ့ပါပြီ။
(နရီမိုး)