ဒဂုံမြို့သစ် ၄ မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသပေးလျှက်ရှိ

နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ ဆရာတော်ကြီး ဦးဆောင်ကြီး ကြပ်မှုဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်းမြို့နယ်)၊ ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းရှိ မျက်စိဝေဒနာရှင်များအား မျက်စိ အထူးကုဆရာဝန် ပါရဂူကြီးများက ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်းမြို့နယ်) ရှိ သီတဂူစက္ခုဒါနဆေးရုံတော်ကြီး၌ ဆက်လက်၍ အခမဲ့စမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ပထမ အကြိမ် ဒုတိယနေ့အဖြစ် ကုသပေးခြင်းဖြစ်ပြီး မျက်စိကုကျွမ်းကျင် ဆရာဝန် ပါရဂူကြီး များက မျက်စိဝေဒနာရှင် ၄၁၂ ဦးကို အခမဲ့ကုသပေးခဲ့ပြီး ၎င်းတို့အနက် ခွဲစိတ်ကုသ ပေးရန်လိုအပ်သူ မျက်စိဝေဒနာရှင် ၅၈ ဦးရှိကြောင်း သိရှိရသည်။ ထိုကဲ့သို့ လာရောက် ဆေးကုသမှု ခံယူသူများအား အဟာရဒါနကျွေးမွေးခဲ့ကြောင်းနှင့် မျက်စိဝေဒနာရှင်များအား ဧပြီ ၁၀ ရက်အထိ အခမဲ့စမ်းသပ် ကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြု အဖွဲ့အနေဖြင့် တိုင်းဒေသကြီးများနှင့်ပြည်နယ်များ၌ သီတဂူစက္ခုဒါန ဆေးရုံ  ၄၄ ရုံဖွင် လှစ်ပြီး မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ ၁၉၉၉ ခုနှစ်၊ ဧပြီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ မျက်စိစမ်းသပ် ကုသခံယူသူ ၅၄၈၅၀၄ ဦးနှင့် မျက်စိခွဲစိတ်ကုသမှု ခံယူသူ ၁၀၅၂၃၄ ဦး ရှိကြောင်း သတင်းရရှိပါတယ်ရှင်….။

Posted in Uncategorized