ကဗျာတွေစာတွေထဲမှာပါလေ့ရှိတဲ့နွေဦးအငွေ့အသက်က သာယာလှပကြပါတယ်။ တကယ်လည်းလှပေမယ့် လက်တွေ့မှာ အပူဒဏ်နဲ့ပြေးမလွတ်နိုင်တာတော့ အမှန်ပဲလေ။ ရှုခင်းအလှအပထက် လူ့ကျန်းမာရေးအတွက်က ပိုအရေးကြီးတဲ့အတွက်နွေရာသီအတွင်းရောဂါကင်းဖို့ အရင်စဉ်းစားရမှာပါ။ ဒါ့ကြောင့်နွေရာသီမှာ အဖြစ်များတဲ့ရောဂါတွေကို သတိထားပြီး ကြိုတင်ကာကွယ်သင့်၊ ဆင်ခြင်နေထိုင်သင့်ပါတယ်။
နွေရာသီမှာ အဖြစ်များတဲ့ရောဂါ (၅) မျိုး
(၁) အပူလျှပ်ခြင်း –ပြင်းထန်တဲ့အပူဒဏ်အောက်မှာနေရတာကြာလာတဲ့အခါ ခန္ဓါကိုယ်အပူချိန်ကမြင့်တက်လာရာက အပူလျှပ်တတ်ပါတယ်။ ပုံမှန်မဟုတ်ဘဲခန္ဓါကိုယ်အပူချိန်လွန်ကဲတဲ့အခါ ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း၊ခေါင်းမူးခြင်း၊နှလုံးခုန်မြန်ခြင်း၊ကြွက်သားနာကျင်ကိုက်ခဲခြင်းနဲ့ အဖျားတက်ခြင်းလက္ခဏာတွေက သိသာပါတယ်။
အပူလျှပ်တဲ့အခါ အရေးပေါ်ပြုစုကုသမှုလိုအပ်ပါတယ်။သေချာဂရုမစိုက်ရင် ဦးနှောက်၊နှလုံး၊ကျောက်ကပ်နဲ့ကြွက်သားတွေကို ထိခိုက်စေနိုင်ပြီး ကုသမှုခံယူဖို့နှောင့်နှေးခဲ့ရင် ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေနဲ့အသက်ဆုံးရှုံးရတဲ့အထိဖြစ်နိုင်ပါတယ်။
(၂) အစာအဆိပ်သင့်ခြင်း –အစာအဆိပ်သင့်ရတဲ့ အကြောင်းရင်းက အစားအစာ သို့မဟုတ် ရေမှာ ပါတဲ့ဘက်တီးရီးယားကြောင့် ဖြစ်ပါတယ်။ ပူအိုက်စွတ်စိုတဲ့ရာသီကြောင့်လည်း ဘက်တီးရီးယားပေါက်ဖွားလွယ်တဲ့ပတ်ဝန်းကျင်ဖြစ်စေနိုင်ပါတယ်။ အစာအဆိပ်သင့်တဲ့အခါ ဗိုက်အောင့်ခြင်း၊မအီမသာဖြစ်ခြင်း၊ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်းတို့နဲ့လက္ခဏာပြလာတတ်ပါတယ်။ အသားစိမ်းတွေ၊ ဖုံးအုပ်မထားတဲ့ လမ်းဘေးစာတွေ၊ မသန့်ရှင်းတဲ့ရေ စတာတွေကရောဂါဖြစ်စေနိုင်တဲ့ပိုးတွေ သယ်ဆောင်ထားတဲ့အစားအသောက်တွေဖြစ်နေနိုင်ပါတယ်။
(၃) မျက်စိနာခြင်း– မျက်စိနာခြင်းဟာ မျက်မြှေးကိုရောင်ရမ်းစေတဲ့ ဘက်တီးရီးယားပိုးဝင်ခြင်း သို့မဟုတ် ဓါတ်မတည့်ခြင်းကြောင့်ဖြစ်ပြီး ၄ ရက်ကနေ ၇ ရက်အတွင်း ကြာမြင့်တတ်ပါတယ်။ မျက်စိနာပြီဆိုရင်တော့ ကူးစက်လွယ်လို့ တစ်မိသားစုကိုလုံးပြန့်တာများပါတယ်။
ဆက်လက်ဖတ်ရှုမည်။
(၄) ရေဓါတ်နည်းခြင်း – ချွေးထွက်များတဲ့နွေရာသီမှာ ဆုံးရှုံးသွားတဲ့ ရေကို ပြန်ဖြည့်တင်းဖို့ လုံလောက်အောင်မသောက်သုံးတဲ့အခါရေဓါတ်ဆုံးရှုံးခြင်းကို အဖြစ်များကြပါတယ်။နွေပူပူမှာ ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေ ပုံမှန်ပြန်ဖြစ်ဖို့ပြန်လည်ထိန်းသိမ်းပေးဖို့လိုပါတယ်။
(၅) ဝမ်းနဲ့ပတ်သက်တဲ့ရောဂါများ – အူနဲ့အစာအိမ်ထဲမှာ ကပ်ပါးပိုးမွှားများဝင်ရောက်လာတဲ့အခါ နွေရာသီဆို ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ကာလဝမ်းရောဂါတွေဖြစ်တတ်ပါတယ်။ မသန့်ရှင်းတဲ့ရေနဲ့အစားအစာတွေက ဒီရောဂါတွေကူးစက်ပြန့်ပွားစေတဲ့ အဓိက လက်သည်ဖြစ်ပါတယ်။
ဒါတွေမဖြစ်အောင် ဘယ်လိုဆင်ခြင်နေထိုင်မလဲ
နွေရာသီရောဂါတွေရဲ့နောက်ကွယ်က အဓိကအကြောင်းရင်းက ဘက်တီးရီးယား၊ဗိုင်းရပ်စ်နဲ့တခြားပိုးမွှားတွေပေါက်ဖွားလွယ်တဲ့ ရာသိဥတုပတ်ဝန်းကျင်ဖြစ်နေတဲ့အတွက်ပါ။ ဒါ့ကြောင့် နွေရာသီမှာဖြစ်လွယ်တဲ့ရောဂါတွေရန်ကနေ ခုခံကာကွယ်နိုင်ဖို့ ဒီအချက်လေးတွေကို သတိထားပေးသင့်ပါတယ်။နွေရောက်ပြီဆိုရင် –
- မွန်းတည့်ကနေ မွန်းလွဲပိုင်း ၃ နာရီအတွင်းအချိန်က အပူရှိန်အပြင်းဆုံးဖြစ်လို့ အိမ်ပြင်ထွက်ရင် နေအပြင်းဆုံးအချိန်တွေကိုရှောင်ပါ။
- နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုကို ကာကွယ်ပါ။ အပြင်ထွက်ရင် ထီး သို့မဟုတ် ဦးထုပ်ဆောင်းပါ။
- အရေပြားထိခိုက်မှုမရှိအောင် ကာကွယ်ဖို့ SPFမြင့်တဲ့နေလောင်ကာခရင်မ်လိမ်းပါ။
- ရေ လုံလောက်အောင်သောက်ပါ။ ရေဓါတ်ခန်းခြောက်မခံပါနဲ့။
- လမ်းဘေးအစားအစာ သို့မဟုတ် မသန့်ရှင်းတဲ့ရေ ကိုရှောင်ပါ။
- ရင်အေးစေဖို့ ဖရဲသီး၊ ကြံ တို့လို လတ်ဆတ်သန့်ရှင်းတဲ့ ရာသီပေါ်အသီးအနှံတွေ စားပါ။
- အရောင်ဖျော့ဖျော့၊ မတင်းမကျပ်လွန်းတဲ့အဝတ်အစားကိုရွေးချယ်ပါ။ အပူစုပ်နိုင်တဲ့ အနက်ရောင်ကိုမရွေးသင့်ပါ။
- သေချာမကျက်တဲ့အစားအစာ၊ အပြင်စာတွေနဲ့ သန့်ရှင်းမှုစိတ်မချရတဲ့အစားအစာတွေကိုရှောင်ပါ။
- အစားအစာကို ကိုင်တွယ်တဲ့အခါ သန့်ရှင်းဖို့အရေးကြီးပါတယ်။ ဘယ်အစားအစာကိုမဆို မချက်ပြုတ်မီတိုင်းမှာ၊ မထိတွေ့ခင်တိုင်းမှာ လက်ဆေးပါ။ အိမ်သာဝင်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ဆေးပါ။
- လက်ဆေးခြင်းက မျက်စိနာခြင်း ကူးစက်ပြန့်ပွားမှုကိုလည်း ကာကွယ်ရာရောက်ပါတယ်။
- အိမ်ထဲပတ်ဝန်းကျင်မှာ သန့်ရှင်းနေအောင်ထားပါ။
ပွင့်လင်းရာသီဟာ ခရီးလေးတွေထွက်၊ မိသားစု၊မိတ်ဆွေတွေနဲ့ အချိန်ကုန်ဆုံးပြီး ကျန်းမာပျော်ရွှင်စွာနေဖို့ အချိန်ကောင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အားလပ်ရက်တွေမှာ အချိန်ကို တန်ဖိုးရှိရှိကုန်ဆုံးနိုင်ဖို့ ကျန်းမာအောင်ဂရုစိုက်ပါ။