စည်းစနစ်ကျသည့် ဆရာနှင့် တပ်ထောက်ဗိုလ်ကြီးတာဝန် ထမ်းဆောင် ရသည်မှာ မည်မျှ ခက်ခဲမည်ဆိုတာ သိနိုင်လောက်ပေပြီ။
သို့ပါသော်လည်း ဆရာ့မှာ ကောက်ကျစ်သည့်စိတ်၊ လူတစ်ဖက်သား ကို နစ်နာစေလိုသည့်စိတ် မရှိသည်ကိုက ဆရာ၏ ချစ်စရာကောင်းသော စိတ်ဓာတ်ဖြစ်နေပြီး ဒီစိတ်ဓာတ်ကို တန်ဖိုးထားတာနှင့်ပင် အလုပ်တွဲ လုပ် ဖြစ်သွားခြင်းလည်း ဖြစ်နိုင်ပါသည်။
တာပိန်ရိပ်သာတွင် ဒုတိုင်းမှူး လာနေပြီး စစ်ဆင်ရေးကို ကွပ်ကဲနေ သည်။ ရန်သူ၏ တပ်မဟာ ဌာနချုပ်များကို ထိုးစစ်ဆင်နေချိန် ဖြစ်သည်။ ဒုတိုင်းမှူးက အရင် စစ်ဗျူဟာ(၁)မှူး တာဝန်နှင့် ကျွန်တော်တို့ တပ်ထဲမှာပင် နေသွားသူဖြစ်လို့ ဆရာနှင့်ရော ကျွန်တော်နှင့်ပါ ရင်းနှီးပြီးသား ဖြစ်သည်။ ပြောရရင် ဆရာ့အကြောင်း ကောင်းကောင်း သိသူဖြစ်သည်။
ထိုကာလက ကျွန်တော်တို့တပ်သည် ဗန်းမော်မှာပင် စစ်ဆင်ရေး အရံ အဖြစ် နေရတော့ ဆရာလည်း တပ်မှာပဲ ရှိနေသည်။ စစ်ဆင်ရေး လိုအပ် လာရင်တော့ ထွက်လိုက်ရမှာပေါ့။
နယ်မြေခံ တပ်ရင်းလည်းဖြစ် တာပိန်ရိပ်သာကြီးကိုပါ ထိန်းသိမ်းနေ ရသဖြင့် ဒုတိုင်းမှူး၏ စားရေးသောက်ရေးကို ကျွန်တော်တို့ တပ်ကပဲ တာ ဝန်ယူရသည်။ ကျွန်တော့်တာဝန် ဆိုပါတော့။
ဒုတိုင်းမှူးကို ဧည့်ခံကျွေးမွေးမည့် အစီအစဥ် menu တင်ပြရန် ဆရာ့ အိမ်ကို ရောက်လာခဲ့သည်။ ဧည့်ခန်းထဲရှိ ကြိမ်ဆက်တီမှာ ဆရာက ထိုင်ပြီး ကျွန်တော်က မတ်တပ်ရပ်လျက် အခြေအနေကို တင်ပြလိုက်သည်။ ကျွေး မွေးမည့် အစီအစဥ်ကို သဘောတူသည်။ အချိုပွဲအဖြစ် သီးမွှေး ငှက်ပျောသီး ကျွေးမည့် အစီအစဥ် နေရာကိုအရောက်..
" လူလေး"
ဗြုန်းဆို အသံဝါကြီးနှင့် ခေါ်လိုက်သံကြောင့် ရုတ်တရက် လန့်သွားမိ သည်။ ဆရာက စကားပြောလျင် "လူလေး" " လုံမလေး" စသည်ဖြင့် ခေါ် ပြောတတ်သည်ကို သိသိကြီးနှင့်ပင် လန့်သွားရသေးသည်။
" လူလေးရဲ့ မျက်လုံးတွေကို အပေါ်ကို ဝေ့ကြည့်လိုက်စမ်း"
ကဗျာက ဆန်နေသေးသည်။ မော့ကြည့်လိုက်တော့ မျက်နှာကြက် အပေါ်ကိုတက်ရန် ဖောက်ထားသော အပေါက်ကို တွေ့ရ၏။ ဒီအထိ ဘာမှ မထူး။ ထူးတာကတော့ မျက်နှာကြက် အပေါက်က အစိမ်းရောင် လက်သန်း လုံးခန့် ပလပ်စတစ် ကြိုးတစ်ချောင်း အောက်သို့ ကျလာပြီး နံရံမှ သံငုတ်မှာ ချည်ထားသည်ကို တွေ့လိုက်ရသည်။
" ကြိုးစိမ်းလေး တွေ့လား၊ ချည်ထားတာကို ဖြည်ပြီး ဖြည်းဖြည်းချင်း အောက်ကိုဆွဲချလိုက်"
"ဘယ်လောက်တောင် တန်ဖိုးကြီးသည့် ပစ္စည်းမို့လို့ မျက်နှာကြက်ထဲ စက်သီးနှင့် ဆွဲထားရပါလိမ့်" လို့ စဥ်းစားရင်း ကြိုးကိုဖြည်းဖြည်းချင်း အောက်သို့ လျော့ချနေမိသည်။
ရုတ်တရက် အမြင်အာရုံထဲ ဘွားခနဲ ဝင်လာတာက သီးမွှေးငှက်ပျော ခိုင်ကြီး။ အညှာက ချည်ပြီး ဇောက်ထိုးဆွဲ ခံထားရသော သနားစဖွယ် ငှက်ပျောခိုင်။
" တွေ့လား လူလေး...မှည့်တောင်နေပြီ၊ ငှက်ပျောခိုင်ထဲက လက်ညှိုး လောက် အပိန်ဆုံး တစ်လုံးကို ဖြုတ်ပြီး အားရပါးရ စားကြည့်စမ်း"
သူပြောတဲ့ လက်ညှိုးလောက် ခပ်ပိန်ပိန် အလုံးက တော်တော်ရှာလိုက် ရသည်။ စိတ်ကျေနပ်စေရန် အခွံခွာပြီး စားလိုက်သည်။ မထူးပါဘူး။
" ကောင်းတယ်မဟုတ်လား...အပိန်ဆုံးတောင် ဒီလောက်ကောင်းနေ ရင် ကျန်တာတွေက ပြောစရာ မလိုတော့ဘူးပေါ့၊ ကျုပ်ကတော့ ထမင်းစား ပြီးတိုင်း တစ်လုံး တစ်လုံး ဖြုတ်ဖြုတ်စားနေတာ၊ ဒီငှက်ပျောခိုင်ထားတာ ကျုပ်နဲ့ လက်ဖြောင့်ဆာဂျင်ပဲသိတယ်..ခုဆိုရင်တော့ လူလေးပါ သိသွားပြီ ပေါ့"
အောင်မယ်လေး... ရတနာမြေပုံ ဝှက်ထားတာ ကြနေတာပဲ။ ဒီ ငှက် ပျောခိုင် တစ်ခုခုဖြစ်ရင် ကိုယ်ပါတရားခံ ဖြစ်နေပါရော့လား။
" သီးမွှေးငှက်ပျောသီး ဝယ်ဖို့စာရင်းကို ဖျက်လိုက်တော့၊ နေ့တိုင်း လက်ဖြောင့်ဆာဂျင်ဆီမှာ နှစ်လုံးလာလာယူ၊ ပိုလည်းဖြုတ်မသွားနဲ့၊ ကျုပ် က ရေထားတာဗျ"
အိမ်ထောင်မရှိ လူပျိုကြီးဆိုပြီး လျော့တော့မတွက်လိုက်ပါနှင့်။ စီစစ် သည့်နေရာမှာ အသေးစိတ်လွန်းသည်။ ခုတော့ ဈေးကြီးသည့် အသား ငါးတွေကို မစီစစ်ဘဲ ငှက်ပျောသီးမှာ တိုင်ပတ်နေတာကိုပဲ တော်ပေသေး သည်။
" တပ်ရင်းမှူးကို ညစာအတူ လာစားဖို့ ဒုတိုင်းမှူးက မှာလိုက်ပါတယ်၊ အရပ်ဝတ်နဲ့ပဲ သက်သက်သာသာ လာခဲ့ပါတဲ့"
ကိုယ့်ဆရာအကြောင်း ကိုယ်သိသည်။ တော်ကြာ ယူနီဖောင်းကြီး ဝတ်လာမှဖြင့် ဒုက္ခရောက်နေမှာစိုးလို့ ကြိုမှာရသေးသည်။
ဆရာ့ဆီက ငှက်ပျောသီး နှစ်လုံးကို ယူ၍ထွက်လာပြီး ရိပ်သာကို အရင် ဝင်လိုက်သည်။ ဒုတိုင်းမှူးနှင့်အတူ ဆရာပါ ညစာလာစားမည့်အကြောင်း ပြောပြီး နေရာထိုင်ခင်း ပြင်ဆင်ခိုင်းရသည်။ မှတ်မှတ်ရရ ငှက်ပျောသီး နှစ်လုံးကိုလည်း အချိုပွဲအတွက် ပြင်ခိုင်းလိုက်သည်။
ညစာစားသုံးရန် အဆင်သင့် ဖြစ်ပါပြီ။
ဒုတိုင်းမှူးကို သတင်းမပို့ခင် တပ်ရင်းမှူး ရောက်နေဖို့လိုမည်။ ဆရာ ရောက်မလာသေးလို့ သူ့အိမ်ဖက်ကို လှမ်းမျှော်ကြည့်မိသည်။ ရိပ်သာနှင့် ဆရာ့အိမ်က မဝေးသဖြင့် လမ်းလျောက်လာနေသည်ကို တွေ့ရသည်။
အနားရောက်လာသော ဆရာ့ကိုကြည့်ပြီး တစ်ခုခု ထူးခြားနေသည် ဟု ထင်မိသည်။ ဘာများ ထူးခြားနေပါလိမ့်။ ထူးခြားချက်၏ အဖြေကို အရပ် ဝတ် ပုဆိုးမှာ သွားတွေ့သည်။
36617, [02/05/2023 12:04]
ဆရာ့ပုဆိုးက ကွင်းတိုနေရသည့်အထဲ အောက်နားတွေအားလုံး တွန့် ကြေနေသည်။ အမျိုးသမီးများ စကပ်အောက်နားကို တွန့်နေအောင် ချုပ် ထားသည်နှင့်ပင် တူနေသေးသည်။ ထိုပုံစံကို ဘဲလေးအကများတွင် တွေ့ဖူး သည်။
အရပ်၆ပေလောက်ရှိသော လူကြီးတစ်ယောက်၏ ပုဆိုးက ခြေသလုံး ပေါ်နေရသည့်အထဲ အောက်နားတွေပါ တွန့်နေလေတော့ ကြည့်ရရုပ်ဆိုးပြီး ရယ်စရာအသွင် ဖြစ်နေသည်။ ဆရာက ပုဆိုးဝတ်ခဲသည်။ ဒီလို ဝတ်လာ သည်ကိုလည်း ခုမှ အသေအချာ မြင်ဖူးခြင်းဖြစ်၏။ ပုဆိုးဝတ် လေ့မရှိလို့ အဆင်မပြေတာလားပေါ့။
" တပ်ရင်းမှူး...ပုဆိုးအောက်နားတွေက တွန့်..တွန့်"
ကျွန်တော်၏ သတိပေးစကားပင် မဆုံးလိုက်ပါ။ လက်ကာပြသည်။ " မင်းနားမလည်ပါဘူးကွာ" ဆိုသည့် မျက်နှာပေးကိုလည်း တွေ့ရသည်။ ပြီး မှ ကျွန်တော့်အနားကပ်လာပြီး...
" လူလေး... အဝတ်စ တစ်ခုကို တစ်နေရာထဲမှာ အကြာကြီး စုပြီး စီး ထားရင် ဒဏ်မဖြစ်ပေဘူးလား၊ အဆွေးမမြန်ပေဘူးလား"
"မြန်ပါတယ်ခင်ဗျာ"
" အေး...ဒါကြောင့် ကျုပ်က ပုဆိုးဝတ်ရင် အထက်အောက် အမြဲ လှန် ပြီးဝတ်တာ၊ ကြာကြာစုစီးမထားဘူး၊ ဒါ ကျုပ်ရဲ့ နိယာမပဲလေ၊ လူ လေး လည်း လိုက်ဝတ်ကြည့်ပေါ့"
သူ့နိယာမနှင့်သူ ဆိုတော့လည်း ပြီးတာပါပဲ။ လိုက်တော့ မဝတ်ချင်ပါ ဘူး။ ယိုသူမရှက်ရင် ပြီးတာပဲ။
ဒုတိုင်းမှူး ညစာစားဖို့ ထမင်းစားခန်းထဲ ဝင်လာတော့ တပ်ရင်းမှူးကို တွေ့တွေ့ချင်း ပုဆိုးကို လှမ်းကြည့်ပြီး ပြုံး၏။ ဆရာကလည်း ဘယ်သူတွေ ဘာကြည့်ကြည့် ဂရုကို မစိုက်သလို အပြုံးတောင် မပျက်ပါဘူး။ ပြိုင်ပွဲဝင် တော့မည့် စကပ်အတွန့်နှင့် ဘဲလေးကချေသည်ကြီးအလား ဝင့်လို့ကြွားလို့။ ကများတောင် ထကတော့မလား ထင်ရသည်။
ထမင်းစားပြီး ပြန်တော့လည်း သူ့သီးမွှေးငှက်ပျောသီးကို တွေ့လိုက်လို့ ဒုတိုင်းမှူးကို ငှက်ပျောသီးကောင်းကြောင်း ကျေနပ်စွာ ပြောပြနေသည်။
ထမင်းစားပြီး ဧည့်ခန်းမှာ တီဗွီ ကြည့်ကြသည်။ အားကစား ဝါသနာ ပါသော ဒုတိုင်းမှူးအတွက် အားကစားလိုင်း ဖွင့်ပေးထားသည်။ တီဗွီကြည့် ရင်းသောက်ရန် သံပရာရည်ခွက်များ ချပေးထားသည်။
ဒုတိုင်းမှူး ဂေါက်ပြိုင်ပွဲကို စိတ်ဝင်တစား ကြည့်နေစဥ် အငြိမ်မနေနိုင် သူက ဆရာဖြစ်သည်။ သူက ခြင်ဆိုလျင် မုန်းသည်။ သူအင်မတန် မုန်းသည့် ခြင်က အနားမှာ လာဝဲနေသည်။ မခန့်တာ။ ဒေါသထွက်လာပြီး ခြင်ဆေး ဘူးယူကာ ခုံအောက်ထဲ ဖျန်းထည့်လိုက်သည်။ ကျွန်တော့်ကိုလည်းမခိုင်း။
ခုံအောက်က ခြင်တွေ အပေါ်ကို ပျံတက်လာကြပြီ။ ဒုတိုင်းမှူးနှင့်ဆ ရာ့ အကြားကနေ အုပ်ဖွဲ့ပျံတက်လာကြ ချိန်မှာတော့ စိတ်မထိန်းနိုင်တော့ဘဲ ခြင်ဆေးဘူးနှင့် လှမ်းဖျန်းလိုက်ပါတော့သည်။
" ရွှတ် ရွှတ်...ရွှတ် ရွှတ် ရွှီး"
ခြင်ဆေးနံ့ ရသည့်အပြင် အသံပါ ကြားလိုက်တော့ ဒုတိုင်းမှူးလည်း သူသောက်နေတဲ့ သံပရာရည်ခွက်ပေါ် လက်လေးနှင့် အသာအုပ်ထားရ တော့သည်။
"ဆောရီး"
စစ်သက်ကလည်း ဒုတိုင်းမှူးထက်ပင် ဆရာက စီနီယာကျပြန် ဆရာ့ အကြောင်း အတော်များများကိုလည်း သိထားသူမို့သာ ဒုတိုင်းမှူးဆီက "ရ ပါတယ်" ဆိုသည့်စကား ကြားလိုက်ရပေမဲ့ နောက်နေ့တော့ ထမင်းအတူ စားဖို့ ဝန်လေးနေပေတော့မည်။
ဌာနချုပ်တပ်ခွဲမှူး အနားကို ရောက်လာချိန် ကျွန်တော်လည်း မျက် နှာပူပူနှင့် မီးဖိုချောင်ဖက် အသာလစ်ထွက်လာခဲ့သည်။
" ဗိုလ်ကြီး ရောက်လာတာနဲ့ အတော်ပဲ၊ ဗိုလ်မှူးကို အစ်မဆီ ခဏပြန် လွှတ်ပေးပါဦး"
မီးဖိုဖက်တွင် ဝိုင်းကူနေသော ဌာနချုပ်တပ်ခွဲမှူး ဇနီးက အမောတကော လာပြောသည်။
" ဘာဖြစ်လို့လဲ အစ်မ"
" ဗိုလ်မှူး ဝတ်ထားတဲ့ ပုဆိုးကို ကြည့်ဦး"
ဒီနေ့တော့ ပုဆိုးပြဿနာချည်း ဖြစ်နေသည်။ ဌာနချုပ်တပ်ခွဲမှူးလည်း ဆရာ၏ နိယာမကို သိသွားပြီး အထက်အောက် လှန်ဝတ်နေလို့ လား ဆိုပြီး လှမ်းကြည့်လိုက်မိသည်။
ချိတ်ပုဆိုး အနက်လေးမှာ အဖြူပြောက်တွေနှင့်၊ အောက်နားတွေ လည်း မတွန့်ပါဘူး။ ခါးလေးနည်းနည်း သိမ်သလို ဖြစ်နေပြီး ဗိုလ်မှူး၏ တင်ကလေးတွေ နောက်ကိုကောက်ထွက်နေတာပဲ သတိထားမိသည်။ ဗိုလ်မှူးက ဘောလုံးသမားဆိုတော့ အောက်ပိုင်းတောင့်သည်။
" ပုဆိုးက ဘာမှမဖြစ်ပါဘူး အစ်မရဲ့... အစ်ကိုကြီးက ကိုယ်လုံးလေး တောင် ပိုပေါ်လာသေးတယ်...ကြည့်ကောင်းပါတယ်ဗျ"
" ကိုယ်လုံးလေး ပေါ်လာမှာပေါ့...အဲ့ဒါ အစ်မထမီကြီး..သူမှားဝတ် လာတာလေ"
" ဗျာ"
" အစ်မနဲ့သူ ဆင်တူဝတ်ဖို့ ချိတ်အနက် နှစ်ထည် မှာပြီးဝယ်ထားတာ၊ အစ်မထမီက ဒေါက်တွေဘာတွေ ထည့်ပြီးသား၊ အထက်ဆင်တတ်ဖို့ပဲ ကျန်တော့တာ...ကြည့်ဦး...ကြည့်ဦး.. သူ့ပုဆိုး သူဝတ်မလာဘဲ အစ်မရဲ့ ထမီကို မှားဝတ်လာတော့ နတ်ကတော်လိုလို ဘာလိုလို...ဖင်တွေတောင် ကောက်ထွက်နေပြီ"
အစ်မကလည်း အပြောကောင်းသည်။ အစ်မပြောမှ သေသေချာချာ ကြည့်မိသည်။ ဟုတ်ပါ့။
ဒါနဲ့ အစ်ကိုကြီး အနားသွားပြီး အစ်မခေါ်နေကြောင်း ပြောပေး လိုက်ရ သည်။ အစ်မရဲ့ ဗိုက်ခေါက်ဆွဲလိမ်ခြင်းကို ခံယူပြီးသကာလ ချိတ်လုံချည် အမဲလေးနှင့် ဖင်လေးကောက်တောက် ကောက်တောက်လုပ်ပြီး ရိပ်သာမှ အမြန်ပြေးထွက်သွားသော ဗိုလ်မှူးကို ကြည့်ပြီး ပြုံးလိုက်မိပါသည်။
ဒီသတင်းကို ဆရာကြားတော့..." ကျုပ်လို ပုဆိုးကို အထက်အောက် လှန်ဝတ်ရင် ခုလို မှားဝတ်မှာ မ ဟုတ်ဘူး" ဟု မှတ်ချက်ပေးလေသည်။