ယူရိုပါလိဂ်တွင် ရာနှုန်းပြည့်အနိုင်ရထားသည့် လာဇီယို၊ စပါးနှင့် အန်ဒါလက်ချ်အသင်းများ

၂၀၂၄-၂၀၂၅ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ရာနှုန်းပြည့် အနိုင်ရထားသည့် လာဇီယို၊ စပါးနှင့် အန်ဒါလက်ချ်အသင်းတို့ ထိပ်ဆုံးမှ ဦးဆောင်နေပြီး ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွင် နှစ်ပွဲစလုံးအနိုင်ရထားသည့်အသင်း ကိုးသင်း အထိရှိကြောင်း သိရသည်။

ယူရိုပါလိဂ် ပွဲစဉ် (၃) ကိုတွင် လာဇီယိုအသင်း က တွမ်တီးအသင်းကို အဝေးကွင်း၌ (၀-၂) ဂိုး၊ စပါးအသင်းက အယ်လ်ခမာအသင်းကို အိမ်ကွင်း၌ (၁-၀) ဂိုး၊ အန်ဒါလက်ချ်အသင်း က လူဒိုဂိုရက်စ်အသင်းကို အိမ်ကွင်း၌ (၂-၀) ဂိုးဖြင့် အနိုင်ရကာ ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့သည်။ ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်သည့် မန်ယူအသင်းမှာမူ ဖီနာဘာချီအသင်းနှင့် အဝေးကွင်း၌ (၁-၁) ဂိုးစီ သရေကျပြီး နိုင်ပွဲ မရသေးဘဲ သုံးပွဲစလုံး သရေကျထားသည်။

ပွဲစဉ် (၃) အပြီးတွင် လာဇီယို၊ စပါးနှင့် အန်ဒါလက်ချ်အသင်းက ကိုးမှတ်စီဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး အေဂျက်စ်၊ ဂါလာတာစာရေး၊ ဖရန့်ဖတ်၊ မစ်ဂျေးလန်း၊ ဘီလ်ဘာအို နှင့် ဘိုဒယ်ဂလင့်အသင်းတို့က ခုနစ်မှတ်စီ ဖြင့် ရပ်တည်လျက်ရှိသည်။ သုံးမှတ်သာရရှိ ထားသည့် မန်ယူအသင်းမှာမူ ၃၆ သင်းရှိသည့်အနက် အဆင့် ၂၁ နေရာအထိ ရောက်ရှိနေသည်။

ကွန်းဖရန့်လိဂ်ပွဲစဉ် (၂) တွင် ရေပန်းစားနေသည့်အသင်းများအနက် ချယ်လ်ဆီးအသင်းက ပါနာသီနိုင်ကို့စ်အသင်းကို အဝေးကွင်း၌ (၁-၄) ဂိုး၊ ဖီိအိုရင်တီးနားအသင်းက စိန့်ဂါလန်းအသင်းကို အဝေးကွင်း၌ (၂-၄) ဂိုးဖြင့် အနိုုင်ရခဲ့သည်။ ကွန်းဖရန့်လိဂ်တွင် ချယ်လ်ဆီး၊ ဖီအိုရင်တီးနား၊ လီဂီယာဝါဆော၊ လူဂါနို၊ ဂီမာရေ့စ်၊ ဟတ်၊ ဂျာဂီရယ်လိုနီးယား၊ ရက်ပစ်ဝီအန်၊ ဟိုင်းဟိုင်အသင်းတို့ နှစ်ပွဲနိုင် ခြောက်မှတ်စီဖြင့် အပြိုင်ရပ်တည်လျက်ရှိသည်။

ယူရိုပါလိဂ်နှင့် ကွန်းဖရန့်လိဂ်ပွဲပြိုင်ပွဲကို ချန်ပီယံလိဂ်ပြိုင်ပွဲအတိုင်း ပုံစံအသစ်ဖြင့် ကျင်းပနေခြင်းဖြစ်ပြီး ၃၆ သင်းစီ လိဂ်ပြိုင်ပွဲ ပုံစံပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ အုပ်စုပွဲစဉ်များအပြီးတွင် ဇယားထိပ်ဆုံးနေရာရပ်တည်နိုင်သည့်ရှစ်သင်း ရှုံးထွက် ၁၆ သင်းအဆင့် သို့ တိုက်ရိုက်တက်ရောက်ခွင့်ရမည်ဖြစ်ပြီး အဆင့် ၉ မှ ၂၄ အထိအသင်းများမှာ Play-offs နှစ်ကျော့ထပ်မံကစား၍ အနိုင်ရသည့် ရှစ်သင်း ရှုံးထွက်တက်ခွင့်ရမည်ဖြစ်သည်။

crd//eleven

Posted in Uncategorized