(ရမ်းဗြဲမြို့)
ရမ်းဗြဲမြို့ မြောက်ပိုင်းအတွင်း အကြမ်းဖက်ဖျက်ဆီးမှုများပြုလုပ်နေသည့် AA အကြမ်းဖက်အဖွဲ့အား လက်ရှိအချိန်၌ တပ်စစ်ကြောင်းများမှ ဝင်ရောက်ရှင်းလင်းလျက် ရှိကြောင်း၊ ယမန်နေ့ နေ့လည်ပိုင်းက မြို့မှနေ၍ ပြန်လည်ဆုတ်ခွာနေသည့် AA အကြမ်းဖက်အဖွဲ့အနေဖြင့် သေဆုံးသူများအား ဆင်သေရွာ၌ မြေမြုပ်သင်္ဂြိုလ်ခြင်းများပြုလုပ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲအတွင်း သေဆုံးခဲ့သူ ၂၀ ကျော်ရှိကြောင်းနှင့် အများစုမှာ တစ်ရွာဆယ်ယောက် မဝင်မနေရ အတင်းအဓမ္မ စုဆောင်းထားသည့် ကျောင်းသားကလေးငယ်များဖြစ်ကြောင်း သိရှိရသည်။
(ကျောက်တော်မြို့)
ယနေ့နံနက်ပိုင်း နယ်မြေခံတပ်မဌာနချုပ်နှင့် ၃၇၆ တပ်ရင်းဌာနချုပ်အား လာရောက် တိုက်ခိုက်ခဲ့ပြီး တပ်မတော်သားများ တန်ပြန်ခုခံတိုက်ခိုက်ချေမှုန်းမှု၊ လက်နက်ကြီးပစ်ကူ လေကြောင်းပစ်ကူများဖြင့် ချေမှုန်းတိုက်ခိုက်မှုကြောင့် ရန်သူများ ပြန်လည်ဆုတ်ခွာ သွားကြောင်း သိရှိရသည်။
(မြောက်ဦးမြို့)
နယ်မြေခံတပ်ရင်းများဖြစ်သည့် ၃၇၇ တပ်ရင်းနှင့် ၃၇၈ တပ်ရင်းတို့၌ ယနေ့၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ရန်သူအား ရင်ဆိုင်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် ၅၄၀ တပ်ရင်းအနေဖြင့် ၎င်းတပ်ရင်းပတ်ဝန်းကျင်ရှိ စိုးမိုးကုန်းများအား AA အကြမ်းဖက်သောင်းကျန်းသူများမှ သာလွန်အင်အားများဖြင့် ဝင်ရောက်တိုက်ခိုက် ခဲ့တာကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့ညပိုင်းမှစ၍ ရဲတပ်ရင်း ၃၁ သို့ ဆုတ်ခွာခဲ့ရပြီး မြောက်ဦးတပ်နယ် ရန်သူ့လက်အောက်မကျရောက်စေရေးအတွက် အဆိုပါရဲတပ်ရင်း၌ ခုခံတိုက်ခိုက်ချေမှုန်းလျက်ရှိနေကြောင်း သိရှိရသည်။
(မင်းပြားမြို့)
ယနေ့နံနက်ပိုင်းမှစ၍ နယ်မြေခံတပ်ဖြစ်သည့် ခမရ ၃၇၉ တပ်မှ တပ်မတော်သားများမှ တပ်အတွင်းရှိ နေရာအချို့သို့ ဝင်ရောက်လာခဲ့သည့် AA အကြမ်းဖက်သောင်းကျန်းသူများအား ပြန်လည်တိုက်ခိုက်ရှင်းလင်းခဲ့ရာ သောင်းကျန်းသူထံမှ အလောင်း/လက်နက်များရရှိထားကြောင်း သိရှိရသည်။
နှစ်ဖက်တိုက်ပွဲများအတွင်း တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း၊ အဆိုပါနေရာများမှလွဲ၍ ကျန်မြို့များတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း၊ ခမရ ၃၇၄ ၊ ခမရ ၃၇၅ နှင့် ခမရ ၃၈၀ တပ်ရင်းတို့မှာ တစ်ဖက်ရန်သူမှ သာလွန်အင်အားများအသုံးပြုကာ Drop Bomb များ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့တာကြောင့် အင်အားမမျှသဖြင့် ဆုတ်ခွာထားရပြီး AA အကြမ်းဖက်အဖွဲ့ရှိရာနေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နိမ်နင်းခြင်း လေကြောင်းမှ ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို့/ရွာများအား လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူနေထိုင်ရနေရာများ/ဈေးများအား Drop Boom များကြဲ၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ခိုင်းက သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်သို့စေလွှတ်ခြင်း စသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်နေသည့်အပြင် နယ်မြေခံ တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မြို့များအား တိုက်ခိုက်နေသည့်အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ အရေးကြီးနေရာများ၊ တပ်ရင်းဌာနချုပ်နှင့် စခန်းများ ရန်သူ့လက်အောက် မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ချေမှုန်းလျက်ရှိနေသည်။
MinChitOo