ရဲရင့်စစ်သည် အောင်ပွဲချီ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ တပ်ရင်းဌာနချုပ်တစ်နေရာ။
မြူခိုးများဝေ့ဆိုင်းပြီး မိုးဖွဲလေးများတဖျောက်ဖျာက်ကျနေသော ဝေလီဝေလင်းအချိန်တွင် ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် (၁) ကနေ ပူပူနွေးနွေးသင်တန်းဆင်းလာသော တပ်သား ဇော်လင်းတစ်ယောက် သေနတ်ထုတ်ပြီး သူ့အထက်က တပ်စုတပ်ကြပ်ကြီးဖြစ်သူကို မေးလိုက် သည်။
“ဆရာကြီး ကျွန်တော်တို့ ဘယ်သွားရမှာလဲ”
“အေး… ခဏနေ သိရလိမ့်မယ်၊ လိုက်မှာသာလိုက်ခဲ့”
“ဟုတ်ကဲ့”
တပ်သားဇော်လင်း ထပ်မေးမနေတော့ဘဲ ခေါင်းညိတ်ပြလိုက်ပြီး တက်ကြွစွာဖြင့် တပ်စုတပ်ကြပ်ကြီးနှင့်အတူ လိုက်ပါလာခဲ့တော့သည်။
+++

သူတို့တပ်စု ထွက်ခွာလာရသည့်အကြောင်းမှာ နောက်တန်းဌာနချုပ်ကို ရန်သူလာရောက် နှောင့်ယှက်တိုက်ခိုက်နိုင်သည့် ပန်းကန်ရွာအပြင်ဖက်သို့ ကင်းပုန်းဝပ်ရန် ဗျူဟာမှူးအမိန့်ဖြင့် ချီတက်ခဲ့ကြခြင်းပင်ဖြစ်၏။
သူတို့တပ်စု ချီတက်ခဲ့ပြီး မိနစ် ၃၀ ခန့်အကြာတွင် ဘုန်ကြီးကျောင်းတစ်ကျောင်းအနီးသို့ ရောက်ရှိလာခဲ့ကြသည်။ တပ်စုတပ်ကြပ်ကြီးက လူသွားလမ်း၏ ဘေးဘယ်ညာကို ကြည့်ပြီးနောက် ကင်းပုန်းဝပ်ရန် နေရာချထားပါတော့သည်။
ပြည်သူ့စစ်မှုထမ်း တပ်သားဇော်လင်းနှင့်အတူ လက်ဖြောင့်တပ်ကြပ်တစ်ယောက်ကို အတူနေရာချထားပေးသည်။ တပ်သားဇော်လင်း ကင်းပုန်းဝပ်နေရင်း ဟိုဟိုသည်သည်ကြည့်ရင်း ရန်သူ့အရိပ်အယောင်ကို လေ့လာစောင့်ကြည့်နေလိုက်သည်။ ခဏအကြာ ရိပ်ခနဲလှုပ်ရှားမှုတွေ့ လိုက်၍ ခေါင်းထောင်ကြည့်လိုက်ရာ ရွာဘက်မှတက်လာသည့် KNDF အကြမ်းဖက်သူပုန်နှစ်ဦးကို တွေ့လိုက်ရသည်။ သူ ချက်ချင်းပြန်ဝပ်လိုက်ပြီးနောက် ဘေးမှာရှိသော လက်ဖြောင့်တပ်ကြပ်ကို သတင်းပို့လိုက်သည်။
သူတို့လှုပ်ရှားမှုအသံသဲ့သဲ့ကို ကြားလိုက်ဟန်တူ၏။ KNDF အကြမ်းဖက်သူပုန်နှစ်ဦးမှာ ခြေလှမ်းတစ်ခဏတုန့်ဆိုင်းသွားပြီး ဘုန်းကြီးကျောင်းဘေးလမ်းပေါ်သို့ တစ်ဦးနှင့်တစ်ဦး ၁၀ ပေခန့်ခွာ၍ တဖြည်းဖြည်းတက်လာသည်ကိုတွေ့ရ၏။
ထိုအချိန် တပ်စုတပ်ကြပ်ကြီးရောက်လာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ညီလေးလက်ဖြောင့်… နောက်ကကောင်ကို အရှင်ဖမ်းမယ်၊ မင်းက နောက်ကကောင်ရဲ့ ခြေထောက်ကိုပစ်၊ ဇော်လင်း မင်းက ရှေ့ကကောင်ကို အသေပစ်”
တပ်စုတပ်ကြပ်ကြီးအမိန့်အဆုံး လက်ဖြောင့်တပ်ကြပ်နှင့် ဇော်လင်းတို့နှစ်ဦး သေနတ်ကို ရန်သူ့ထံ သေချာစွာချိန်ရွယ်ရင်း စောင့်နေလိုက်ကြသည်။
တပ်သားဇော်လင်းမှာ စောင့်ဆိုင်းနေရသည့် ငါးမိနစ်ခန့်ကိုပင် ငါးကမ္ဘာလောက်ထင်နေပြီး စိတ်မရှည်ချင်တော့။ တဖြည်းဖြည်းနီးကပ်လာသော ရန်သူနှစ်ဦး မီတာ ၁၀၀ အတွင်း ဝင်ရောက် လာချေပြီ။ ထိုအချိန်တွင် စစ်သွေးစစ်မာန်တက်ကြွနေသော တပ်သားဇော်လင်းမှာ ကင်းပုန်းဝပ် နေရာမှထွက်၍ ရှေ့ဆုံးကတက်လာသော KNDF သူပုန်ကို သေနတ်ဖြင့် အတွဲလိုက်ပစ်ခတ်ချ လိုက်တော့သည်။ မရှေးမနှောင်းမှာပင် လက်ဖြောင့်တပ်ကြပ်က နောက်မှပါလာသော သူပုန်၏ ခြေထောက်ကို ပစ်လိုက်ရာ သူပုန်နှစ်ဦးစလုံး လဲကျသွားတော့သည်။
ထို့နောက် ကင်းပုန်းဝပ်နေသော တစ်ဖွဲ့လုံး တစ်ဟုန်ထိုးပစ်တက်တက်ရင်း ရန်သူကို အရှင်ဖမ်းရန်ကြိုးစားကြရာ ခြေထောက်တွင်ဒဏ်ရာရထားသော သူပုန်တစ်ဦးမှာ ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးသွားတော့၏။
တပ်စုတပ်ကြပ်ကြီးက ရှေ့ဆက်မလိုက်ရန် တားမြစ်လိုက်သောကြောင့် အားလုံး ဖြန့်ခွဲ နေရာယူထားလိုက်ကြသည်။ တပ်သားဇော်လင်းက သေဆုံးသွားသော KNDF သူပုန်လက်ထဲက သေနတ်ကို ပြေးယူလိုက်သည်။ သူ့ဘဝ၏ ပထမဆုံးတိုက်ပွဲအတွေ့အကြုံအတွင်း ရန်သူ့အလောင်း/ လက်နက်ရအောင် စွမ်းဆောင်နိုင်ခဲ့သောကြောင့် ပျော်ရွှင်နေပေပြီ။ အောင်နိုင်သူ၏အပြုံးဖြင့် လက်ထဲက ရန်သူ့သေနတ်ကို တပ်စုတပ်ကြပ်ကြီးထံ ပေးအပ်လိုက်သည်။
“ခွေးကောင်လေး… မင်းကတော့ သေချင်စော်နံနေပြီ၊ စစ်တိုက်တဲ့နေရာမှာ အတင်းကာရော လုပ်တိုင်း ကောင်းတာမဟုတ်ဘူး ကြားလား၊ သတိထားရတယ်”
တပ်စုတပ်ကြပ်ကြီးက တပ်သားဇော်လင်းကို ပြုံး၍ပြောလိုက်၏။
တပ်သားဇော်လင်းမျက်နှာ ပြုံးစိစိလေးဖြစ်သွားပုံကိုကြည့်ရင်း တပ်စုတပ်ကြပ်ကြီး၏ ရင်တွင်းကချီးကျူးလိုက်ပြီး တွေးတောနေမိသည်က-
“ဪ… အတွေ့အကြုံနုနယ်ငယ်ရွယ်ကြပေမဲ့ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ ပြည်သူကို ဒုက္ခပေး နေတဲ့ သောင်းကျန်းသူတွေကို ချေမှုန်းရမယ်ဆိုတဲ့ ခံယူချက်၊ ရဲရင့်တဲ့လုပ်ဆောင်ချက်တွေအပြည့်ရှိ တဲ့ ပြည်သူ့စစ်မှုထမ်းလေးတွေဟာ နိုင်ငံတော်ရဲ့ ရတနာလေးတွေပါလား” ဟူ၍။ ။

(မှတ်ချက်။ ဖြစ်ရပ်မှန်ဖြစ်ပါသည်။)

မောင်နန်းဝေ(မနောမြေ)

Posted in Uncategorized