ရွာတစ်ရွာမှာ အဖွားအိုတစ်ယောက်မဆင်းရဲလွန်း မချမ်းသာလွန်းပဲတစ်ယောက်တည်း ရပ်တည်နေရှာတယ်။
သူမပိုင်ဆိုင်တဲ့ အရာတွေထဲမှာ
အိုး၂ အိုးလည်း ပါတယ် ။
အိုးတစ်လုံးမှာ အက်ကြောင်းရှိနေပြီး
နောက်တစ်အိုးကတော့ အကောင်းပကတိအတိုင်းလေးပဲ။
သူမဟာ မနက်ခင်းတိုင်း အိမ်ကနေ အတော်လေးဝေးတဲ့ ချောင်းငယ်ဆီသွားပြီး ရေအိုးတွေမှာရေဖြည့် ပြန်လာနေကြပေါ့။
ရေအိုးကို လက်တစ်ဖက်တစ်ချက်စီ မပြီး ပြန်လာရှာတယ် ။ အိမ်ရောက်တဲ့အချိန် အက်ကြောင်းဖြစ်နေတဲ့အိုးမှာ အမြဲ
ရေတစ်ဝက်ခန့်သာပါလာပြီး အိုးကောင်းမှာတော့အပြည့်ပါလာစမြဲပေါ့။
ဒီတော့ အက်နေတဲ့အိုးလေးက စိတ်မကောင်းစွာနဲ့ပဲ မေးလိုက်တယ်။
“အို ငါ့သခင်မကြီး သင်ဟာ ဘာလို့ငါ့ကိုအမြဲရေခပ်ဖို့ခေါ်သွားနေတာလဲ? ငါ့မှာ အက်ကြောင်းကြီးနဲ. သင်ဘယ်လောက်ပဲ ရေအပြည့်ခပ်ခပ် ငါ့ရဲ့အားနည်းချက်ဖြစ်တဲ့ အက်ကြောင်းရာကနေ ရေတွေအပြင်ထွက်ကျတာပဲ။ အိမ်ရောက်ရင် တစ်ဝက်ပဲဖြစ်နေတယ် ဒါပေမယ့် အသင် ငါ့ကိုမပစ်ပဲ ဘာလို့သုံးနေတာလဲ ” ဆိုပြီး စိတ်မကောင်းစွာ မေးခွန်းထုတ်လေတော့တယ် ။
အဖွားကလည်းပြုံးရယ်လျက်
“အသင် ရေအိုး ၊ ငါနောက်နေ့ရေခပ်သွားရင်းနဲ့ ပြောပြမယ် ” ဆိုပြီး ပြန်ပြောတယ်။
ဒီလိုနဲ့ နောက်တစ်နေ့နံနက်ခင်းအချိန်
ထုံးစံအတိုင်း ရေအိုး၂ လုံးကိုင်ပြီး
ရေခပ်သွားလေရော။
ရေခပ်ပြီး အပြန်လမ်းကြတော့ အက်နေတဲ့ရေအိုးလေးကို အဖွားက ပြောရှာတယ်။
“ကဲ ရေအိုးလေးရေ
နင့်အောက်ဖက်ကိုကြည့်လိုက်စမ်းပါ
ဘာတွေတွေ့သလဲ? “
အက်နေတဲ့ရေအိုးလေးကလည်း
သိချင်စိတ်ပြင်းပြနေတော့ ချက်ချင်းဆိုသလို အပြန်လျှောက်လမ်းအောက်ကိုကြည့်လိုက်တယ်။
ခဏတော့သူအံ့ဩသွားတယ်။
အောက်ဖက်မှာလှပတဲ့ အလေ့ကျပေါက်တဲ့တောရိုင်းအလှပန်းလေးတွေ ဝေဆာနေတယ်။ သူ ပထမတော့ နားမလည်သေးဘူး။
နောက်တော့ အဖွားက
” ဒါဟာ နင့်ကျေးဇူးတွေပါပဲ ရေအိုးလေး
အက်ကြောင်းကနေ အပြင်ထွက်ကျတဲ့ ရေလေးတွေက ဒီပန်းပင်လေးတွေအတွက်တော့ ရှင်သန်ရာဖြစ်နေတယ်
ဒါ့ကြောင့် ငါအပြန်လမ်းတစ်လျှောက်မှာ တောရိုင်းပန်းလေးတွေ ဝေဝေဆာဆာ ပွင့်နေနိုင်ကြတာလေ ငါ့အိမ်ရဲ့ ဧည့်ခန်းက ပန်းအိုးထဲကို ဒီပန်းလေးတွေ ငါအမြဲထည့်တယ် ဒီတော့ နင်ဟာ အသုံးမကျတဲ့ အိုးမဟုတ်ပါဘူး ” ဆိုပြီး ရှင်းပြသတဲ့ကွယ်။
အဲ့နေ့ကစပြီး အက်နေတဲ့အိုးလေးကလည်း
သူ့ကိုသူ အားငယ်မနေပဲ ပျော်ရွှင်စွာနဲ့အဖွားထံနေသွားသတဲ့။
ဒီပုံပြင်လေးရဲ့ ရည်ရွယ်ချက်ကတော့
လူတိုင်းမှာ အားနည်းချက်ဆိုတာ ရှိပါတယ်။
အိုးလေးတွေလိုပဲ ရေအပြည့်သယ်နိုင်ပေမယ့် ပန်းပင်လေးတွေကို ရေမပေးနိုင်ခဲ့ဘူး။အက်နေပေမဲ့ ရေတွေအပြင်ထွက်ကျတော့လည်း ပန်းပင်ကလေးတွေအတွက် အားထားရာဖြစ်နေတော့တယ် ။
ကျွန်တော်တို့အားလုံးမှာလည်း
တစ်ယောက်နဲ့တစ်ယောက် မတူတဲ့
အားနည်းချက်ကိုယ်စီ ရှိကျတာပါပဲ။
အားနည်းချက်လေးတွေကို လက်ခံပြီး
ဘဝမှာ အားငယ်စိတ် ၊ သိမ်ငယ်စိတ်တွေကို စွန့်လွှတ်ကာ ရှင်သန်ကြရအောင်လား။
ကျေးဇူးတင်တတ်တဲ့သူက
အားနည်းချက်ကိုလည်း ကျေးဇူးတင်ကြမှာပါ။