လူးဝစ်ဒီယက်ဇ်၏ဖခင် ပြန်ပေးဆွဲခံထားရ

ပြန်ပေးဆွဲခံထားရသည့် လီဗာပူးလ်အသင်းတောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်၏ဖခင်အကြောင်း သတင်းပေးနိုင်သူကို ပီဆိုသန်း ၂၀၀ (ပေါင် ၄၀၀၀၀) ဆုကြေးပေးအပ်မည်ဟု ကိုလံဘီယာအာဏာပိုင်များက ကြေညာထားကြောင်း သိရသည်။

ကိုလံဘီယာလက်ရွေးစင်ကစားသမား လူးဝစ်ဒီယက်ဇ် (၂၆ နှစ်)၏ မိဘနှစ်ဦးဖြစ်သူ လူးဝစ်မန်နူရယ်ဒီယက်ဇ်နှင့် စီလန်နစ်မာရူလန်ဒါသည် အောက်တိုဘာ ၂၈ ရက်က ကိုလံဘီယာနိုင်ငံမြောက်ပိုင်း ဘာရန်ကက်စ်မြို့ ရှိ စက်သုံးဆီအရောင်းဆိုင်တွင်ရှိနေစဉ် လက်နက်ကိုင်ထားသူများက ဆိုင်ကယ်များဖြင့် ရောက်လာပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးအနက် မိခင်ဖြစ်သူ မာရူလန်ဒါကို ယင်းနေ့မှာပင် ဘာရန်ကက်စ်မြို့၌ ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ဖခင်ဖြစ်သူ လူးဝစ်မန်နူရယ်ဒီယက်ဇ်မှာမူ အောက်တိုဘာ ၂၉ ရက်အထိ ရှာမတွေ့သေးဘဲ ပျောက်ဆုံးလျက်ရှိသည်။

၎င်းအား ပြန်လည်ကယ်တင်နိုင်ရန်အတွက် ကိုလံဘီယာတပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေလျက်ရှိပြီး သတင်းပေးနိုင်သူကို ဆုကြေး ပီဆိုသန်း ၂၀၀ ပေးအပ်မည်ဖြစ်ကြောင်း အမျိုးသားရဲဌာနဒါရိုက်တာဖြစ်သူ ဗိုလ်ချုပ် ဝီလီယံရီးန်ဆာလာမန်ကာက ပြောကြားသည်။

သမ္မတ ဂူစတာဗိုပက်ထရိုကလည်း ဒီယက်ဇ်၏ဖခင်ကို ရှာဖွေရန်အတွက် ပြည်သူ့တပ်ဖွဲ့ဝင်အားလုံး ဖြန့်ကြက်ထားကြောင်း အသိပေးပြောကြား သည်။

လီဗာပူးလ်အသင်းသည် ယင်းအခြေအနေကြောင့် အောက်တိုဘာ ၂၉ ရက်က နော်တင်ဟမ်အသင်းနှင့်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လူးဝစ်ဒီယက်ဇ်ကို အသုံးမပြုဘဲ အနားပေးခဲ့ကြောင်း သိရသည်။

ယင်းပွဲတွင် လီဗာပူးလ်အသင်းက (၃-၀) ဂိုးဖြင့် အနိုင်ရပြီး အဖွင့်ဂိုးကို တောင်ပံကစားသမား ဂျိုတာက သွင်းယူပြီးနောက် လူးဝစ်ဒီယက်ဇ်၏ဂျာစီကိုကိုင်မြှောက်၍ အားပေးမှု ပြုလုပ်ခဲ့သည်။

နည်းပြဖြစ်သူ ယာဂန်ကလော့ပ်ကလည်း မိမိတို့၏ ညီအစ်ကိုအတွက် နိုင်ပွဲရယူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

Posted in Uncategorized