တပ်ရင်းမှူးက သူအားရအောင်ဆဲပြီးရင်တော့ “ညီလေး… ဆယ်ပြား” ဆိုပြီး ဗိုလ်ကြီးဇော်ခင်တဲနားကပ်လာတတ်စမြဲ။ မကပ်လို့လည်း ဘယ်ရမလဲ၊ တပ်ရင်းမှူးအတွက်ဝယ်လာတဲ့ ကချင်ဆေးရည်စိမ်အရက်ဘူးတွေက အိုင်အိုလက်ထဲမှာကိုး။
တစ်ခါသားကတော့ တပ်ရင်းမှူး တော်တော်စိတ်တိုပြီး ဗိုလ်ကြီးဇော်ခင်ကို နားရင်းအုပ်ထည့်လိုက်သည်။ ဖြစ်ပုံက ဒီလို။
တပ်ရင်းမှူးက စခန်းရေဆိပ်ကိုဆင်းပြီး ရန်သူဝင်လာနိုင်တဲ့လမ်းတွေမှာ နင်းမိုင်းထောင်တာကို သူကိုယ်တိုင်ကြီးကြပ်နေချိန်။ အိုင်အိုကိုခေါ်မသွားဘဲ စခန်းပေါ်မှာထားခဲ့သည်။ အတန်ကြာတော့ ဗိုလ်ကြီးဇော်ခင်ရဲ့ စကားပြောစက်ထဲကနေ တပ်ရင်းမှူး၏ ပီသကြည်မြလှသောအသံထွက်လာသည်။
“ဆယ်ပြား… ဆယ်ပြား၊ ငါ့ဆီကို နို့မှုန့်နှစ်လုံး တစ်ယောက်ယောက်နဲ့ပေးခိုင်းလိုက်”
အဲဒီမှာ စတွေ့တော့တာ ဇော်ခင်နဲ့နို့မှုန့်နှစ်လုံးနဲ့။ ဒီတစ်ခါတော့ ဗိုလ်ကြီးဇော်ခင် လေးနက် တည်ကြည်စွာသုံးသပ်လျက် ဆိုက်ဖာဖော်လိုက်ပြီး ဒါ တပ်ရင်းမှူးပြောတာမှားတာပဲဟု ခိုင်မာစွာဆုံးဖြတ်သည်။ နို့မှုန့်က အလုံးနဲ့ရေတွက်တာမဟုတ်၊ နို့ဆီသာလျှင် တစ်လုံးနှစ်လုံးရှိသည်။ ပြီးတော့ တပ်မတော်မှာ နှို့မှုန့်ထုတ်ပေးတယ်လို့လည်း မကြားဖူး၊ နို့ဆီသာထုတ်ပေးသည်။ ဧကန္တ… ရေဆိပ်ကင်းအဖွဲ့ကို နို့ဆီပေးခဲ့မလို့ မှာတာပဲဖြစ်မယ်ဟု ဆိုက်ဖာဇော်ခင် အပိုင်တွက်ကာ လက်ဖြောင့်စစ်သည်တစ်ဦးကို နို့ဆီနှစ်လုံးပေး၍ တပ်ရင်းမှူးရှိရာရေဆိပ်ဆီ လိုက်ပို့ခိုင်းလိုက်သည်။
သိပ်မကြာလိုက်။ စကားပြောစက်ထဲကနေ ဒုတိယဗိုလ်မှူးကြီးကျော်ထင်၏ အားမာန်ပြည့်ဝသော အသံဝါကြီးထွက်ပေါ်လာချေတော့သည်။
“ငါလုံးမဇော်ခင်… ဒီနို့ဆီနှစ်လုံးကို ငါက လိလုပ်ရမှာလား။ မင်းပထွေးတွေဆီ မင်းသွားပို့လိုက်လေ ငါလုံးမသားရဲ့… မိုင်းထောင်နေတာ မိုင်းနှစ်လုံးလိုလို့ နင်းမိုင်းနှစ်လုံးပို့ခိုင်းပါတယ်ဆိုမှ။ အဲ့နို့ဆီနှစ်လုံး မင်းလာထောင်လှည့် ကြားလား။ မိုင်းနှစ်လုံးယူပြီး မင်းကိုယ်တိုင် ခုချက်ချင်းဆင်းလာခဲ့…”
ဘယ်ပြောကောင်းမလဲ။ ရေဆိပ်လည်းရောက်ရော နားရင်းပိတ်တီးထည့်လိုက်တာ တောဆောင်း ဦးထုပ်ပါကျွတ်ထွက်သည်။ မင်းမေကက်ဆက်တွေဆိုတာလည်း အတွဲလိုက်ဖွင့်တာ ရန်သူပါကြားလောက်၏။
ခုလည်းလာပြန်ပြီ။ ညညဆို လေထီးတယောနေလို့ တရုတ်စံပယ်နှစ်ပွင့်မခဲ့ဆိုပဲ။ ဗိုလ်ကြီးဇော်ခင် ထိုင်ရင်းစဉ်းစားသည်၊ လမ်းလျှောက်ပြီးစဉ်းစားသည်။ သူစဉ်းစားမိတာကိုလည်း ဖြစ်နိုင်ပါ့မလားဟု ထပ်ဆင့်စဉ်းစားသည်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကတော့ ရွာလူကြီးနှင့် တိုးတိုးတိတ်တိတ်တိုင်ပင်မှရမည့်ကိစ္စ။
ဗိုလ်ကြီးဇော်ခင် ဆက်စဉ်းစားသည်။ တပ်ရင်းမှူးအပေါ်လည်း သူစိတ်မငြိုချင်။ တပ်ရင်းမှူးအနေနဲ့လည်း သူ့အပေါ်ငြိုငြင်မှာမလိုလား။ သို့သော် ဒီကိစ္စမျိုးကို သူဈေးဝယ်မဆင်းခင်ကတည်းက တိုးတိုးတိတ်တိတ်မမှာဘဲ ဘာလို့စက်ထဲကလှမ်းပြောလဲဆိုတာလည်း သူနားမလည်နိုင်။ ဒါမှမဟုတ် မအောင့်နိုင်လို့များလား၊ စိတ်မထိန်းနိုင် တော့လို့များလားဟု တပ်ရင်းမှူးအပေါ် သနားစိတ်တောင်ဝင်မိသေးသည်။
ဟုတ်သည်လေ။ တပ်ရင်းမှူးမှာတာကို ဗိုလ်ကြီးဇော်ခင် အသေအချာဆိုက်ဖာဖော်လိုက်တော့ “လေထီး” က “ီး” “တယော” က “ောင်” တာ။ ရိုးရိုးပင်မဟုတ် သူပြောပုံအရဆို တအားတယောတာဆိုပဲ။ တရုတ်စံပယ်နှစ်ပွင့်ကတော့ ရှင်းရှင်းလေး၊ တရုတ်မနှစ်ယောက်ကို သူပြန်တာနဲ့ ခေါ်လာခဲ့ဆိုတဲ့သဘောပဲ။ ကဲ ဘယ်လောက်မှန်လိုက်လဲ။
အတိုချုပ်ပြောရရင် ဗိုလ်ကြီးဇော်ခင်က ရွာလူကြီးကို လည်ပင်းညှစ်ပြီး တရုတ်ကပြားမနှစ်ယောက်ကို ချော့မော့ခေါ်ကာ စခန်းပေါ်ပြန်လည်ချီတက်ကြလေသတည်းပေါ့။ လမ်းမှာ စစ်သည်တွေကိုလည်း မှာထားလိုက် သေးသည်။ ဒီကိစ္စကို နောက်တန်းပြန်ရောက်ရင် အစ်မမသိစေဖို့ ဘာညာပေါ့။ ဖြစ်ချင်တော့ တပ်ရင်းမှူးက စခန်းအပြင်မှာ ပစ်ကွင်းရှင်းနေတဲ့စစ်သည်တွေကို လိုက်ကြည့်နေတဲ့အချိန်။ စခန်းပေါ်ကို မိန်းမနှစ်ယောက်နဲ့ ချီတက်လာတဲ့ ဗိုလ်ကြီးဇော်ခင်တို့အဖွဲ့ကိုတွေ့တာနဲ့ တန်းမေးတော့သည်။
“ဟေ့ကောင်ဇော်ခင်… အဲ့နှစ်ယောက်က ဘာလုပ်ဖို့ ခေါ်လာတာလဲဟ”
“တပ်ရင်းမှူးပဲ စက်နဲ့လှမ်းပြောတာလေ။ ညညဆို လေထီးတွေ တအားတယောလို့ တရုတ်စံပယ်နှစ်ပွင့် မခဲ့ပါဆို ခင်ဗျ”
အမယ် ဗိုလ်ကြီးဇော်ခင်မျက်နှာက ဒီတစ်ချီတော့ ငါမှန်ပြီ၊ တပ်ရင်းမှူးကျေနပ်အောင် စွမ်းဆောင်နိုင်ပြီ ဆိုတဲ့ မျက်နှာပေးလေးနဲ့။ သူကသာ မျက်နှာပေးလှနေတာ တပ်ရင်းမှူးကတော့ မျက်နှာကြီးနီပြီး ရင်တိုက်ဒူးတိုက်ဝါးချွန်ကြီး ဆွဲဖြုတ်ရင်း လှလှပပကြီးဆဲတော့သည်။
“ငါလုံးမဇော်ခင်၊ မင်းနှမငါလွှား။ ညညဆို လေတွေတအားတိုက်လို့ တရုတ်စောင်နှစ်ထည်ယူခဲ့ခိုင်းတာ မင်းနှမတွေခေါ်လာတာလား ငုံးမမျိုး…။ သွား… အဲ့နှစ်ယောက်နဲ့ မင်းလိုက်သွား။ ပြန်မလာခဲ့နဲ့ ကြားလား။ ငါလုံးမ စောက်သူတောင်းစားရဲ့…”
ဟို ကပြားမနှစ်ယောက်ကတော့ တပ်ရင်းမှူး ဝါးချွန်ဖြုတ်နေကတည်းကလစ်တာ ဖိနပ်တွေတောင် ကျန်ခဲ့တယ်။ အဲ့နေ့က စခန်းထဲမှာ တပ်ရင်းမှူး ဝါးချွန်နဲ့လိုက်ထိုးတဲ့ အိုင်အိုဗိုလ်ကြီးကိုကြည့်ပြီး အားပါးတရ ရယ်ကြတဲ့စစ်သည်တွေဆိုတာ တချို့ဆို အရယ်လွန်ပြီး ခါးတစ်ခြမ်းစောင်းသွားလို့ ဆေးပါထိုးယူရလေရဲ့။ ။ နေဇင်(ပေါက်ခေါင်း)