အမေရိကန်ထုတ် ခေတ်မီတိုက်လေယာဉ်တစ်စီးဖြစ်တဲ့ F-16 တိုက်လေယာဉ်တွေကို အရှေ့တောင်အာရှဒေသမှာ ပိုင်ဆိုင်ထားခဲ့တဲ့ တစ်ခုတည်းသောနိုင်ငံလည်းဖြစ်တဲ့ ထိုင်းနိုင်ငံဟာ သူ့နိုင်ငံလေတပ်အတွက် နှစ် ၃၀ ခန့်ကြာလာပြီဖြစ်တဲ့ F-16 တွေနေရာမှာ အစားထိုးဖို့ လေယာဉ်အသစ်တွေဝယ်ယူဖို့ စဉ်းစားရာမှာတော့ ဝေခွဲမရဖြစ်ရတဲ့ အခြေအနေကိုရောက်ရတယ်လို့ ဆိုရနိုင်ပါတယ်။
ဒါကြောင့်လည်း ထိုင်းတော်ဝင်လေတပ်အနေနဲ့ ၂၀၂၈ ခုနှစ်မှာတော့ သက်တမ်းကြာနေပြီဖြစ်တဲ့ F-16 ပထမဆုံးမျိုးကွဲတိုက်လေယာဉ်တွေနေရာမှာ စတင်အစားထိုးဖို့ အခြားတိုက်လေယာဉ်တစ်မျိုးကို ရှာဖွေလေ့လာခဲ့ကြပါတယ်။ ထိုင်းလေတပ်မှာရှိတဲ့ F-16 စင်းရေ ၅၀ ခန့်မှာ Block-15 အုပ်စုဝင်မျိုးကွဲတွေက ၂၀၃၁ ခုနှစ် နောက်ဆုံးထား အနားပေးမယ်လို့ သိရပါတယ်။ ဒီမှာ ထိုင်းတော်ဝင်လေတပ်ရဲ့ ဝယ်ယူရေးကော်မတီကလည်း ဆွီဒင်နိုင်ငံထုတ် Gripen E နဲ့ F မျိုးကွဲတွေကို ဝယ်ဖို့စဉ်းစားတယ်ဆိုတာ ဇူလိုင်လ ဒုတိယပတ်မှာပဲ ပြောခဲ့ပါသေးတယ်။ ထိုင်းလေတပ်မှာလည်း Gripen C နဲ့ D မျိုးကွဲလေယာဉ် ၁၁ စီး ဝယ်ယူပြီးသားရှိပါတယ်။
ဒီအတွက် ထိုင်းအစိုးရရဲ့ ဆွီဒင်နိုင်ငံထုတ်လေယာဉ်တွေကို လေ့လာနေချိန်မှာပဲ ထိုင်းအစိုးရထံ Gripen တိုက်လေယာဉ်တွေနဲ့အတူ အမေရိကန်ကကမ်းလှမ်းလာတဲ့ F-16 တိုက်လေယာဉ် နောက်ဆုံးမျိုးကွဲဖြစ်တဲ့ Block-70 အုပ်စုလေယာဉ်တွေကို ဝယ်ယူမှုအတွက် အတိုးနှုန်းများ ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးပြီး ရောင်းလိုပါတယ်လို့ အမေရိကန်အစိုးရက ဇူလိုင်လ ၁၅ ရက်မှာ ထပ်မံကမ်းလှမ်းလာတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ဒါပေမယ့် ဝယ်ယူမှုအတွက် ပေးဆပ်ရမယ့်အချိန်ကာလကို ဖော်ပြထားခြင်းတော့ မရှိပါဘူး။
ထိုင်းတော်ဝင်လေတပ် ဦးစီးချုပ်ဖြစ်တဲ့ ပန်ပတ်ဒီပတ်တာနာကူလ်ကတော့ ယခင်အပတ်ထဲက ထိုင်းလေတပ်အတွက် လေယာဉ်တွေဝယ်ယူရာမှာ နောက်ဆုံးဆုံးဖြတ်ချက်ကို အပြောင်းအလဲဖြစ်စေမယ့် နိုင်ငံရေးအရ စွက်ဖက်မှုတွေကို တားဆီးသွားမယ်လို့ ပြောခဲ့ပါသေးတယ်။
ဒါပေမယ့် ဒီလို အတိုးနှုန်း ဈေးလျှော့ပေးမယ်လို့ ကမ်းလှမ်းချက်ထွက်လာပြီး မကြာခင်မှာဘဲ ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင်က အမေရိကန်ပြည်ထောင်စုကို သွားဖို့ရှိတယ်လို့ သိရပါတယ်။ ဒီခရီးစဉ်မှာလည်း F-16 လေယာဉ်တွေ ဝယ်ယူရေးကိစ္စဆွေးနွေးကြမှာ အသေအချာပါပဲ။
အခုအထိတော့ ထိုင်းဝန်ကြီးချုပ်အနေနဲ့လည်း အမေရိကန်လုပ်တိုက်လေယာဉ်နဲ့ ဆွီဒင်နိုင်ငံလုပ်တိုက် လေယာဉ်နှစ်ခုမှာ ဘယ်ဟာကိုဝယ်မယ် မဆုံးဖြတ်ရသေးပါဘူး။ ထိုင်းနိုင်ငံရဲ့ ဘတ်ဂျက်ခွင့်ပြုမှုအရ အမေရိကန်ရဲ့ F-16 Block 70 တွေထက် ဆွီဒင်ရဲ့ Gripen E/F က ပိုလို့ဈေးချိုမှာပါ။ တစ်ချိန်တည်းမှာ ထိုင်းအစိုးရအနေနဲ့ သူ့ရဲ့မဟာမိတ်လို့ဆိုနိုင်တဲ့ အမေရိကန်ရဲ့ ဆွီဒင်တိုက်လေယာဉ်နဲ့ အပြိုင်ကမ်းလှမ်းလာမှုကို ငြင်းဆန်ဖို့ကလည်း တော်တော်ခက်မှာဆိုတော့ တော်တော်ဗျာများရနိုင်တယ်လို့ ဆိုချင်ပါတယ်။
Ref -Bangkok Post
#CrdMT_news