ရန်ကုန်တိုင်းဒေသကြီး အချို့မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မီဒီယာများမေးမြန်းထားတာကို ပြန်လည်ပြောကြားသွားပါမယ်။ စဖြစ်တာကတော့ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် သဲကွင်း ကျူးကျော်ရပ်ကွက်မှာ ဖြစ်ပါတယ်။ အဲဒီမှာ ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပွားနေတယ်ဆိုပြီး သတင်းရရှိခဲ့ပါတယ်။ ဒါကြောင့် ဇူလိုင် ၃ ရက်က သွားရောက်စစ်ဆေးတဲ့အခါမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာ ဖြစ်ပွားသူ ၁၂ ဦးရှိကြောင်း တွေ့ရှိရပါတယ်။ အဲဒီထဲက ဆေးရုံတက်ရောက်ကုသသူ ကိုးဦး ရှိခဲ့ပါတယ်။ အဲဒီကိုးဦးရဲ့ ဝမ်းနမူနာတွေကို စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးတဲ့အခါမှာ တစ်ဦးက ကာလဝမ်းရောဂါပိုး တွေ့ရှိတယ်ဆိုတဲ့ အဖြေထွက်ခဲ့ပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ဆေးရုံအသီးသီးမှာ တက်ရောက်နေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာပြတဲ့ လူနာတွေကို ကာလဝမ်းရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ထိတွေ့ရှိရတာကတော့ ဝိတိုရိယဆေးရုံမှာ တစ်ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လေးဦး စုစုပေါင်း ငါးဦး တွေ့ရှိတယ်ဆိုတဲ့ အဖြေထွက်ရှိခဲ့ပါတယ်။ ကျန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာ ပြတဲ့သူတွေကတော့ ကာလဝမ်းရောဂါပိုး မတွေ့ရှိခဲ့ပါဘူး။
ဒါနဲ့ပတ်သက်ပြီးတော့ ဖြစ်ပွားတဲ့နေရာ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် သဲကွင်းကျူးကျော်ရပ်ကွက်ကို ရန်ကုန်တိုင်းဒေသကြီးက တာဝန်ရှိသူတွေ၊ ပြည်သူ့ကျန်းမာရေးအဖွဲ့တွေနဲ့ သွားရောက်စစ်ဆေးတဲ့အခါမှာ အဲဒီနေရာမှာ အိမ်ခြေ ၁၆၆ လုံး၊ လူဦးရေ ၆၄၆ ဦး နေထိုင်ပြီး အများသုံးအိမ်သာ က ၁၂ ခန်းသာရှိကြောင်း တွေ့ရပါတယ်။ ဒီဟာကလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားစေတဲ့ အကြောင်းရင်းလို့ပဲ သုံးသပ်ရပါတယ်။ ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိပြီး စောစောစီးစီးကုသပေးနိုင်ဖို့ အဲဒီနေရာမှာပဲ ဆောင်ရွက်လျက်ရှိပါတယ်။ လိုအပ်တဲ့ကိစ္စတွေဖြစ်တဲ့ လမ်းဘေးစားသောက်ဆိုင်တွေကို ယာယီပိတ်ထားတာတွေ၊ ရေနဲ့ပတ်ဝန်းကျင် သန့်ရှင်းမှုလုပ်ငန်းများ အားဖြည့်ဆောင်ရွက်တာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ခုန ကျွန်တော်ပြောတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်သူထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူမရှိပါဘူး။ အဲဒီထဲက တစ်ဦးကတော့ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် မဟုတ်ဘဲနဲ့ နဂိုကတည်းက ခုခံအားကျဆင်းမှု ကူးစက်ရောဂါအခံရှိလို့ သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဒီရပ်ကွက်တွေကို သွားရောက်စစ်ဆေးပြီးတော့ ယာယီဆေးခန်းဖွင့်လှစ်ပြီး လူနာသစ်တွေလာရောက် ပြသမှု အခြေအနေတွေကို လက်ခံတာတွေ၊ တိုင်းဒေသကြီးက တာဝန်ရှိအဖွဲ့အစည်းတွေ၊ ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေ၊ Volunteer တွေကနေပြီး ရပ်ကွက်အတွင်း သန့်ရှင်းတဲ့ ရေရရှိရေး ကလိုရင်းဆေးခတ်တာတွေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်တာတွေ၊ ရေသန့်ဖြန့်ဝေတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် လူနာနေအိမ်တွေသွားရောက်ပြီး ရောဂါဗေဒဆိုင်ရာတွေကို စုံစမ်းထောက်လှမ်းတာတွေ၊ လူနာနဲ့ အနီးကပ်ထိတွေ့သူတွေကို ကျန်းမာရေး ပညာပေးတာတွေ၊ ပဋိဇီဝဆေးတွေတိုက်ကျွေးတာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးတို့ကလည်း သွားရောက်ကွင်းဆင်းစစ်ဆေး ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကူးစက်) ညွှန်ကြားရေးမှူးဦးစီးတဲ့ ဗဟိုတုံ့ပြန်ရေးအဖွဲ့ စေလွှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာ ပြောချင်တာက ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ မိုးဦးကာလမှာဖြစ်ပွားတတ်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ပတ်သက်ပြီး သတိပြုဖွယ်ရာတွေကို ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လှုံ့ဆော်စာတွေထုတ်ပြန်ပေး လျက်ရှိပါတယ်။ ဒီလှုံ့ဆော်စာတွေ၊ တိုက်တွန်းချက်တွေကို သေချာဖတ်ပြီး ကြိုတင်ကာကွယ်တာတွေ၊ ကြိုတင်တားဆီးတာတွေ၊ လိုက်နာတာတွေ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ အကျဉ်းချုပ်အနေနဲ့ကတော့ ရေကိုကျိုချက်သောက်တာ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း ကလိုရင်းဆေးခတ်ပြီး သောက်တာ၊ အစားအစာတွေကို သန့်ရှင်းစွာချက်ပြုတ်ပြီး ယင်မနားအောင် ဖုံးအုပ်ထားတာတွေ၊ ယင်လုံအိမ်သာတွေအသုံးပြုဖို့ ဒါတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း အဆက်မပြတ် စောင့်ကြည့်ဆောင်ရွက်လျက်ရှိသလို ဒေသဆိုင်ရာအာဏာပိုင်များကလည်း အဆက်မပြတ် စောင့်ကြည့်အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူလူထုအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာအာဏာပိုင်များရဲ့ ရောဂါ ကာကွယ်တားဆီးနှိမ်နင်းရေး သတိပေးချက် လှုံ့ဆော်မှုတွေကို အတူလိုက်နာပြီး ပူးပေါင်းဆောင်ရွက်သွားကြဖို့ မေတ္တာရပ်ခံလိုပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။