ရရှိသည့် ဧတဒဂ်ဘွဲ့ = အလှူအတန်းပေးကမ်းခြင်း ၌ မွေ့လျော်သောအရာဝယ် ဧတဒဂ်ဘွဲ့။
ပဒုမုတ္တရ မြတ်စွားဘုရားရှင် လက်ထက် ဟံသာဝတီပြည်၌ သဋ္ဌေးသမီးဖြစ်လတ်၍ တနေ့တွင် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ဥပါသိကာ အမျိုးသမီးတဦးအား အလှူအတန်း ပေးကမ်းစွန့်ကြဲခြင်း၌ မွေ့လျော်သော အရာတွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ ကုသိုလ်ကောင်းမှုကြီး ပြုပြီးလျှင် မြတ်စွာဘုရား အထံတော်၌ ထ်ုဧတဒဂ်ရာထူးကို ဆုပန်လျက် ဗျာဒိတ်ခံယူလေသည်။
နောက်ဆုံးဘဝ
ဂေါတမမြတ်စွာ ဘုရားရှင် ပွင့်ထွန်းတော်မူရာကာလဝယ် အင်္ဂတိုင်း ဘဒ္ဒိယမြို့၌ မေဏ္ဍက သူဋ္ဌေးကြီး၏သား ဓနဉ္ဇယသူဋ္ဌေး၏ ဇနီး သုမနဒေဝီ သူဋ္ဌေးကတော်ကြီး၏ ဝမ်း၌ ပဋိသန္ဓေတည်နေ ဖွားမြင်လာသည်။ သူဋ္ဌေးသမီးငယ်ကို ဝိသာခါ ဟု မှည့်ခေါ်ကြ၏။
ဝိသာခါ ခုနှစ်နှစ်သမီး အရွယ်တွင် မြတ်စွာဘုရားသည် ရဟန်းအပေါင်းခြံရံလျက် အင်္ဂတိုင်း ဘဒ္ဒိယမြို့သို့ ဒေသစာရီ ကြွရောက်တော် မူလာလေသည်။ ဝိသာခါ သူဋ္ဌေးသမီးငယ်သည် အဖိုးဖြစ်သူ မေဏ္ဍကသူဋ္ဌေးကြီး၏ တိုက်တွန်းစကားကို ကြားရသည့်အတွက် ဝမ်းမြောက်ဝမ်းသာစွာဖြင့် အခြွေအရံ ငါးရာနှင့်အတူ မြတ်စွာဘုရားရှင် ရှိတော်မူရာသို့ သွားရောက်ဖူးမြော် ကန်တော့ကြ၏။
မြတ်စွာဘုရားသည် ဝိသာခါ၏ စရိုက်နှင့် လျော်ညီစွာ တရားဟောကြားတော်မူလေရာ တရားတော်အဆုံး၌ ဝိသာခါသတို့သမီးငယ်နှင့် ရံရွေဖော် ငါးရာတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေသည်။
ဝိသာခါ အရွယ်ရောက်လတ်သော် မိဂါရ သူဋ္ဌေးကြီး၏သား ပုဏ္ဏဝဍ္ဎန သတို့သားနှင့် မိဘများက ထိမ်းမြားပေးသည်။ ဝိသာခါ သူဋ္ဌေးသမီးသည် မိစ္ဆာဒိဋ္ဌိ အယူရှိသူ ယောက္ခမ မိဂါရသူဋ္ဌေးကြီးနှင့် သူဋ္ဌေးကတော်ကြီးတို့အား လည်းကောင်း ခင်ပွန်းဖြစ်သူ ပုဏ္ဏဝဍ္ဎနအား လည်းကောင်း ဂေါတမမြတ်စွာဘုရား၏ တပည့်သာဝက အဖြစ်သို့ရောက်အောင် ဆောက်ရွက်ပြီးနောက် မိသားစု တခုလုံးသည် မြတ်စွာဘုရားနှင့် သံဃာအပေါင်းတို့အား ဆွမ်း သင်္ကန်း ပစ္စည်းလေးပါးဖြင့် အမြဲမပြတ် ပြုစုလုပ်ကျွေးလေသည်။
ဝိသာခါသည် ဆင်ပြောင်ငါးစီး၏ အားမာန်ကို ဆောင်နိူင်လျက် ကျန်းမာသန်စွမ်းသည်။ အသက်၁၂၀ရှည်သူ ဖြစ်သော်လည်း ဆံပင်ဖြူခြင်း သွားကျိုးခြင်း အရေတွန့်ခြင်း အစရှိသည့် အိုမင်းသည့် လက္ခဏာသွင်ပြင် လုံးဝမရှိဘဲ တဆယ့်ခြောက်နှစ် အရွယ်ကဲ့သို့ နုပျိုလှပသည်။ သားသမီး မြေများသည်လည်း ကျန်းမာသန်စွမ်းလျက် တယောက်တလေမျှ အကြားကာလ၌ သေပျောက်သူ၍ မရှိချေ။
တနေ့သောအခါ ဝိသာခါသည် မင်္ဂလာပွဲသဘင်မှ အပြန် ဇေတဝန်ကျောင်းတော်သို့ အဝင်တွင် မိမိဝတ်ဆင်လာသော မဟာလတာ တန်းဆာကိုချွတ်၍ ကျွန်မ ၏ လက်၌ ပေးအပ်ပြီးလျှင် မြတ်စွာဘုရား၏ တရားတော်ကို နာကြားလေသည်။ တရားနာကြားပြီးနောက် ကျောင်းတော်မှ ထွက်လာကြသည့်အခါ ကျွန်မသည် ထိုမဟာလတာ အဆင်တန်ဆာကြီးကို တရားနာရာ နေရာ၌ပင် မေ့ကျန်ရစ်လေသည်။
အရှင်အာနန္ဒာမထေရ်မြတ်သည် မြတ်စွာဘုရားရှင် အား လျှောက်ထားအသိပေးပြီးနောက် မေ့ကျန်ရစ်ခဲ့သော ဝိသာခါ၏ မဟာလတာ တန်ဆာကြီးကို မ,ချီ၍ စောင်းတန်းလှေကားတဖက်၌ ချိတ်ဆွဲ၍ ထားတော်မူလိုက်၏။ ဝိသာခါလည်း ကျောင်းတိုက်ကြီးအတွင်း လှည့်လည်ကြည့်ရှုပြီးနောက် ကျောင်းတိုက်မှ ထွက်၍ ဥပစာ၌ ရပ်တည်လျက် ကျွန်မထံ မဟာလတာ တန်းဆာကို ဆင်ယင်အံ့ဟု တောင်းယူသောအခါ မေ့ကျန်ခဲ့ကြောင်း ကျွန်မက ပြောကြားလေသည်။
ထိုအခါဝိသာခါ သူဋ္ဌေးမက ကျွန်မအား “အမိ ဤသို့ဆိုလျှင် သွားယူချေ အကယ်၍ ငါ့အရှင် အာနန္ဒာ မထေရ်မြတ်က ထိုမဟာလတာ အဆင်တန်ဆာကို ချီမ ရွှေ့ပြောင်း၍ အခြားတနေရာရာ၌ သိမ်းဆည်းထားသည်ကို တွေ့လျှင် မယူခဲ့လင့် ထိုတန်းဆာကို အရှင်မြတ်အားသာလျှင် ငါသည် စွန့်လှူအပ်ပြီးဖြစ်သည်´´ဟု မှာကြား၍ လွှတ်လိုက်၏။
ကျွန်မသည် မေ့ကျန်ရစ်သော မဟာလတာ တန်းဆာကို အရှင်အာနန္ဒာမထေရ်မြတ်က တနေရာသို့ ရွှေ့ပြောင်း သိမ်းဆည်းထားကြောင်း တွေ့ရသဖြင့် ပြန်လည် ယူဆောင်ခြင်း မပြုဘဲ လက်ချည်းပြန်လာကာ မိမိ၏ အရှင်မ ဝိသာခါအား အကြောင်းကြားလေသည်။
ငါသည် ဤတန်းဆာကို စွန့်လွှတ်လှူဒါန်းပြီး ဖြစ်လေသည်။ အရှင်မြတ်များအဖို့ စောင့်ရှောက်ထိန်သိမ်းထားရန် ဝန်လေးချေမည်။ ထိုမဟာလတာ တန်ဆာကို ထုခွဲရောင်းချ၍ သံဃာအား အပ်စပ်သော ပစ္စည်းဘဏ္ဍာကို ဆက်ကပ်လှူဒါန်းအံ့ဟု အကြံရလျက် ကျွန်မအား ထိုအဆင်တန်ဆာကို ကျောင်းတော်မှ ပြန်လည် ယူဆောင်စေခဲ့လေသည်။
ရွှေပန်းထိမ်သည်တို့က တန်ဖိုးဖြတ်သည့်အတိုင်း တန်ဖိုးငွေကို ကိုးကုဋေနှင့် တသိန်းထား၍ မဟာလတာတန်းဆာကို မြို့တွင်းသို့ လှည့်လည် ကြော်ငြာ ရောင်းချစေသော်လည်း ဝယ်ယူနိူင်မည့်သူ မပေါ်ပေါက်သဖြင့် မိမိကိုယ်တိုင်သာလျှင် ထိုမဟာလတာ တန်းဆာအတွက် အဖိုးငွေ ကိုးကုဋေနှင့်တသိန်းပေး၍ ပြန်လည်ယူရလေသည်။ ထို့နောက် မြတ်စွာဘုရားက ခွင့်ပြုတော်မူသဖြင့် သာဝတ္ထိမြို့ အရှေ့တံခါးအနီး၌ သံဃာများနေထိုင်ရန် ထိုငွေ ကိုးကုဋေနှင့်တသိန်းဖြင့် နိဗ္ဗာရုံ ကျောက်းတိုက်ကြီးကို ဆောက်လုပ်လှူဒါန်းလေသည်။
ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါသည် မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာတော်တို့အား ပုဗ္ဗာရုံ ကျောင်းတိုက်သို့ ပင့်ဖိတ်၍ မိုးတွင်းလေးလကာလပတ်လုံး ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ ပူဇော်ခြင်း မိုးလေးလ ကုန်ဆုံးသည့်အခါ အနည်းဆုံး အဖိုးတထောင် ထိုက်တန်သော သင်္ကန်းလျာ အထည်အဝတ်များကို ဆက်ကပ်လှူဒါန်းခြင်း သပိတ်အပြည့်ဖြင့် စတုမဓူဆေးများ ဆက်ကပ်လှူဒါန်းခြင်း လေးလကြာ ကျောင်းတော်ရေစက်ချပွဲကြီး ကျင်းပခြင်း တို့ကို ပြုလုပ်လေသည်။
ဤသို့ ကျောင်းမြေရာကို ဝယ်ယူရာ၌ ကိုးကုဋေ ကျောင်းဆောက်လုပ်ရာ၌ ကိုးကုဋေ ကျောင်းရေစက်ချပွဲ ပြုလုပ်ရာ၌ ကိုးကုဋေ စုစုပေါင်း ၂၇ကုဋေသော ဥစ္စာတို့ကို ဝိသာခါ ကျောင်းအမကြီးသည် ဘုရားသာသနာတော်၌ စွန့်ကြဲလှူဒါန်းခဲ့လေသည်။ အိမ်တွင်လည်း အာဂန္တုဆွမ်း ခရီးသွားဆွမ်း အစရှိသော ဆွမ်းမျိုးစုံတို့သည် အသင့်စီမံချက်ပြုတ်ပြီးလျက် နံနက်ပိုင်းတွင် သံဃာတော်များ အဝင်အထွက် များပြားသဖြင့် သင်္ကန်းရောင် လွှမ်းလျက်ရှိလေသည်။
နံနက်ပိုင်းဆွမ်းများ ဆက်ကပ်လှူဒါန်းပြီးနောက် မွန်းလွဲပိုင်းတွင် ပျားရည် ထောပတ် တင်လဲ ဆီစသည့် ပစ္ဇ္စည်းများကိုလည်းကောင်း အဖျော်ရှစ်မျိုးတို့ကိုလည်ကောင်း ကျောင်းတော်သို့ ပို့ဆောင်၍ သံဃာတော်များအား ဆက်ကပ်လှူဒါန်း၏။ နောက်မှ မြတ်စွာဘုရား၏ တရားတော်ကို နာကြားပြီး အိမ်သို့ပြန်လေသည်။ ဤသည်တို့ကား ဝိသာခါကျောင်းအမကြီး၏ နိဗဒ္ဓကုသိုလ် ကောင်းမှုများ ဖြစ်လေသည်။
ထို့ကြောင့် မြတ်စွာဘုရားရှသင်သည် ဝိသာခါအား “စွန့်ကြဲပေးကမ်း လှူဒါန်းရခြင်း၌ နှစ်ခြိုက်မွေ့လျော်သူ တပည့်မ သာဝကာ ဥပါသကာ အပေါင်းတို့တွင် မိဂါရမယ်တော် ဝိသာခါ သူဋ္ဌေးမသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏´´ဟု ချီးကျူး မိန့်မြွက်တော်မူကာ ဧတဒဂ်ရာထူး ထားတော်မူလေသည်။