သရက်ပင်သည်လည်း အခြားသီးပင်များနည်းတူ အစေ့မှမျိုးပွားခြင်း (Sexual/Seed Propagation) ဖြင့် သော်လည်းကောင်း သို့မဟုတ် ပင်ပိုင်ဆိုင်ရာလိင်မဲ့နည်း (Asexual/Vegetative Propagation) ဖြင့် သော်လည်းကောင်း မျိုးပွားစိုက်ပျိုးကြပါသည်။
အစေ့ဖြင့် မျိုးပွားခြင်းကိုမူ ရှေးယခင်ကာလကတည်းက အသုံးပြုခဲ့ပြီး ယနေ့တိုင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေစဲပင်ဖြစ်ပါသည်။ အသီးပင်အများစုတွင် အစေ့မှမျိုးပွားစိုက်ပျိုးသော် သီးပွင့်ချိန်နောက်ကျခြင်းနှင့် မိခင်အပင်နှင့်တူသောအပင်များမရနိုင်ခြင်း အားနည်းချက်များရှိကြသည်။ သို့သော် မြန်မာနိုင်ငံရှိ သရက်မျိုးအများစုကို အစေ့မှမျိုးပွားစိုက်ပျိုးသော်လည်း သီးပွင့်ချိန် နောက်ကျခြင်း အားနည်းချက်မှလွဲ၍ မိခင်ပင်နှင့် တူသောအပင်များကိုပြန်ရနိုင်သည်။ ဆိုလိုသည်မှာ စိန်တလုံးအစေ့မှ မျိုးပွားစိုက်လျှင် စိန်တလုံးပင်ပဲ ပြန်ရလေ့ ရှိတတ်သည်။ သို့သော်လည်း ပတ်ဝန်းကျင်၏ လွှမ်းမိုးရိုက်ခတ်မှု၊ ၎င်းတို့၏ သက်တမ်းနှင့် မျိုးရိုး ဗီဇများပြောင်းလဲသွားမှုတို့ကြောင့် အနည်းငယ်ကွဲလွဲချက်များရှိနိုင်သည်။ ယနေ့ စိန်တလုံးမျိုးပင် ထိုကဲ့သို့ မျိုးအတွင်း ကွဲလွဲချက်များ ရှိလာနေပြီဖြစ်သည်။
အစေ့စိုက်ပင်သည် ကိုင်းကူးကိုင်းဆက်အပင်ထက် သီးပွင့်ရန် ၂-၃ နှစ်ခန့် ပို၍ ကြာတတ်သည်။ အစေ့စိုက်ပင်သည် ယေဘုယျအားဖြင့် ၅ နှစ်ခန့်မှစ၍ အသီးစတင်သီးလေ့ရှိပြီး နှစ်ပေါင်း (၈ဝ) အထိ စီးပွားဖြစ်ခူးဆွတ်နိုင်သော်လည်း သက်တမ်း (၆ဝ) နောက်ပိုင်းတွင် အသီးတင်မှုလျော့လာကြောင်း မှတ်တမ်းများ၌ တွေ့ရသည်။ အစေ့စိုက်သရက်ပင်သည် ပျမ်းမျှသက်တမ်း (၁ဝဝ) အထိ ရှိသည်ဟု ဆိုသည်။ သို့သော်လည်း အိန္ဒိယမှရေးသော The Mango စာအုပ်တွင် သက်တမ်း (၃ဝဝ) ခန့်ရှိ သရက်ပင်ကို ဓာတ်ပုံနှင့် တကွ ဖော်ပြထားသည်ကို တွေ့ဖူးသည်။
မြန်မာနိုင်ငံရှိ သရက်မျိုးအများစုသည် အစေ့မှမျိုးပွားသော်လည်း မိခင်ပင်နှင့်တူသော အပင်များ ပြန်လည်ရနေခြင်းမှာ Polyembryonic မျိုးများဖြစ်သောကြောင့်ဖြစ်သည်။ သရက် (Mangifera indica) တွင် အဓိကမျိုးနွယ်စု (၂) စုရှိသည်။ ၎င်းတို့မှာ အိန္ဒိယမျိုးနွယ်စု (Indian Race) နှင့် အင်ဒိုချိုင်းနားမျိုးနွယ်စု (Indochinese Race) တို့ဖြစ်သည်။ အိန္ဒိယမျိုးနွယ်စု သရက်မျိုး များသည် အစေ့တစ်စေ့မှတစ်ပင်သာ ပေါက်သောမျိုးများ (Monoembryonic Varieties) ဖြစ်သည် (ပုံ-၁)။ ထို့ကြောင့် အိန္ဒိယနိုင်ငံရှိ သရက်မျိုး အများစုသည် အစေ့တစ်စေ့မှတစ်ပင်သာပေါက်သောမျိုးများ (Monoembryonic Varieties) ဖြစ်သည်။ အင်ဒိုချိုင်းနား မျိုးနွယ်စု သရက်မျိုးများမှာမူ အစေ့တစ်စေ့မှ အပင်များစွာပေါက်သောမျိုးများ (Polyembryonic Varieties) ဖြစ်သည် (ပုံ-၂)။ မြန်မာနိုင်ငံရှိ သရက်မျိုးအများစုသည် အစေ့တစ်စေ့မှ အပင်များစွာပေါက်သောမျိုးများ (Monoembryonic Varieties) ဖြစ်သည်။ ထိုင်းနိုင်ငံရှိ နန်းတော်မှိုင်း (Nan-Dok-Mai)၊ ဖိလစ်ပိုင် နိုင်ငံရှိ Carabao နှင့် သြစတြေးလျနိုင်ငံရှိ R2E2 တို့သည်လည်း အစေ့တစ်စေ့မှ အပင်များစွာပေါက်သော မျိုးများ (Polyembryonic Varieties) ဖြစ်သည်။
အစေ့တစ်စေ့မှ တစ်ပင်သာပေါက်သောမျိုးများသည် ပင်ခြားဝတ်မှုန်ကူးခြင်းမှ အဖိုအမ ဗီဇများ ပေါင်းစပ်ကာရလာသော လိင်ပေါင်းပင် (Zygotic embryo) ဖြစ်၍ မိခင်အပင်၏ ဗီဇအားလုံးပါမလာဘဲ မျိုးကွဲများရတတ်သည်။ အစေ့တစ်စေ့မှ တစ်ပင်သာပေါက်သောမျိုးများသည် ၎င်း၏ လိင်ပေါင်းသန္ဓေသားလောင်း (Gametic embryo) အား အခြေအနေ တစ်ခုမှ ဖြစ်ပေါ်ရန်တားဆီးထား၍ဖြစ်စေ၊ ပျက်စီးသွား၍ ဖြစ်စေ အသီးကြီးထွားဖြစ်ပေါ်ရန် လိုအပ်သောအရာများ ထောက်ပံ့ရန် သန္ဓေသားလောင်း (Embryo) မရှိတော့သောကြောင့် အသီးမတင်နိုင်ပေ။ တခါတရံ တစ်စေ့မှ တစ်ပင်သာပေါက်သော်လည်း ၎င်းအပင်သည် လိင်မဲ့ပင် (Apomitic seedling) ဖြစ်တတ်သည်။
တစ်စေ့မှ အပင်များစွာပေါက်သောမျိုးများသည် အစေ့မှစိုက်သော်လည်း မိခင်အပင်နှင့်တူသော အပင်များကို ပြန်ရလေ့ရှိသည်။ တစ်စေ့မှ အပင်များစွာပေါက်သောမျိုးများသည် တစ်စေ့မှအပင် တစ်ပင်သာပေါက်သောမျိုးများထက်ပို၍ အသီးတင်မှု ကောင်းတတ်ပြီး အသီးတင်မှု ပုံမှန်တတ်သည်။ ယေဘုယျအားဖြင့် တစ်စေ့မှ အပင်များစွာပေါက်သောမျိုးများတွင် ၎င်းတို့ထဲမှ တစ်ပင်သာလျှင် အမိအဖ ဗီဇပေါင်း၍ပါလာသော လိင်ပေါင်းပင်း (Sexual Plant/Zygotic embryo) ဖြစ်ပြီး ကျန်ပေါက်လာသော အပင်အားလုံးသည် အမိအဖဗီဇမပေါင်းဘဲ နယူးဆဲလ်လပ်ဆဲလ် (Nucellus cells) မှ သို့မဟုတ် အမြှေးပါး (Integuments/Body cells) များမှ သန္ဓေတည်ဖြစ်ပေါ်လာသော လိင်မဲ့ပင် (Asexual plant/Apomitic embryo) များဖြစ်သည်။ အစေ့တစ်စေ့မှ အပင်များစွာ ပေါက်သောမျိုးများ (Polyembryonic Varieties) သည် ၎င်းတွင် လိင်ပေါင်းသန္ဓေသားလောင်း (Gametic embryo) မပါသော်လည်း နယူးဆဲလ်လပ် သန္ဓေသားလောင်း (Nucellus embryo) ပါသောကြောင့် အသီးတင်နိုင်သည်။ လိင်ပေါင်းသန္ဓေ သားလောင်းသည် အချို့မျိုးများတွင် သန္ဓေအောင်ပြီး ဆက်လက်မဖြစ်ထွန်းပေ။ အချို့မျိုးများတွင် သားလောင်းဖြစ်လာသော်လည်း ငယ်စဉ်မှာပင် ချိနဲ့၍သေသွားတတ်သည်။ တစ်စေ့မှ အပင်များစွာပေါက်သော မျိုးများသည် တစ်စေ့မှ အပင် ၂ ပင်မှ ၁၂ ပင်အထိပေါက်တတ်သည်။ ခွဲစိုက်၍ ရသည်။ ၎င်းအပင်များသည် ပျိုးပင်အနည်းငယ် အရွယ်ကြီးလာသောအခါ သူအလိုလို ကွဲသွားပြီး ခွဲရလွယ်ကူသည် (ပုံ-၃)။ တချို့ လိင်ယှက်ပြီး ကပ်နေတတ်သည်။ ၎င်းတို့အား ကတ်ကျေး၊ ဓားတို့ဖြင့် ခွဲစိုက်၍ ရသည်(ပုံ-၄)။
တစ်စေ့မှ ပေါက်သော အပင်အားလုံးတွင် အပင်တိုင်း၌ အမြစ်ပါလျှင် အားလုံး နီးပါးခွဲစိုက်၍ ရတတ်သည် (ပုံ-၅)။ တခါတရံ တစ်စေ့မှ အပင်များစွာပေါက်သော်လည်း Polyembryony ဟုပြော၍တော့မရပေ။ တချို့မျိုးများတွင် အစေ့ရွက်အောက်ပိုင်းပင်စည် (Hypocotyl) ထိပ်ပိုင်းနားမှ အညွန့်အခွများ ထွက်လာတတ်သည်။ မြေပေါ်မှ ကြည့်လျှင် Polyembryonic မျိုးများဟု ထင်ရသည်။ ၎င်းတို့အား ခွဲစိုက်၍ မရပေ။
သရက်အား အစေ့မှ ပျိုးထောင်ရာတွင် အစေ့ခွံ (Endocarp) ကိုခွာ၍ စိုက်လျှင် အနည်းငယ်စော၍ ပေါက်သည်။ ထို့ပြင် အခွံကို ခွာ၍ စိုက်ခြင်းဖြင့် အစေ့ထိုးပိုး (Stone/seed weevil, Sternochetus mangiferae) ကျရောက်နေပါကလည်း အလွယ်တကူ သိနိုင်သည် (ပုံ-၆)။ အခွံကို ခွာရာတွင် အစေ့ကို မထိမိအောင် ဂရုစိုက်၍ ခွာရမည်။ ဝမ်းဗိုက်ဘက်ခြမ်း အမွှေးများပါသည့်ဘက် (Ventral side) မှ ဓား၊ ကတ်ကြေးဖြင့် ခွာလျှင် ပို၍လွယ်ကူသည် (ပုံ-၇၊၈၊၉)။ ဤသို့ အစေ့ခွံအား ခွာစိုက်သော အပင်သည် ဖြောင့်တန်းသည်။ မြေကြီးပေါ်တွင် ပျိုးခင်းအဖြစ် ချ၍ စိုက်နိုင်သည်(ပုံ-၁ဝ)။ ၅ဝ% ရိပ်ကျဲစင်အောက်တွင် ပျိုးထောင်က ပို၍ကောင်းသည်။ အစေ့များ ပုပ်သွားနိုင်သောကြောင့် ရေများများလောင်းခြင်းကိုမူ ရှောင်ရမည်။ သရက်အား ပျိုးထောင်ရာတွင် သတိပြုသင့်သည်မှာ သရက်စေ့သည် အစေ့ငုတ်မှု (Dormancy) မရှိပေ။ အစေ့ကို နေမလှမ်းရပေ။ ၎င်း၏ စေ့နေ သက်တမ်းသည် ၁ လခန့်သာ ရှိသည်။ အစေ့သည် မခြောက်ခင် လတ်လတ်ဆတ်ဆတ်တွင် စိုက်မှပေါက်သော မျိုးစေ့ (Recalcitrant seed) အမျိုးအစားဖြစ်သည်။ ၂-၃ ပတ်ခန့်ကြာလျှင် အပင်များပေါက်လာသည် (ပုံ-၁၁)။ ပျိုးခင်းမှ ရွက်နုများ ၂-၃ ရွက်ထွက်ချိန်တွင် ပျိုးအိတ်အတွင်းသို့ ပြောင်းရွှေ့စိုက်ရမည် (ပုံ-၁၂)။
သရက်အား အစေ့ဖြင့်စိုက်ခြင်းသည် အပင်ကြီး၍ သီးပွင့်ရန် အချိန်ကြာမြင့်သောကြောင့် ယနေ့ခေတ်တွင် ပင်ပိုင်းဆိုင်ရာလိင်မဲ့ မျိုးပွားနည်းဖြင့် မျိုးပွားပြီး စိုက်ပျိုးလာကြသည်။ ကိုင်းကူးကိုင်းဆက် အပင်အား စိုက်ပြီး (၃) နှစ်သားအထိ အသီးအပွင့်များကို မယူဘဲ ချွေပစ်ရမည်။ ၎င်းနောက်နှစ်မှစ၍ အသီးယူနိုင်သည်။ ပင်ပိုင်းဆိုင်ရာ လိင်မဲ့ ကိုင်းကူးကိုင်းဆက်နည်းဖြင့် မျိုးပွား၍ စိုက်ပျိုးထားသော သရက်ပင်သည် အနှစ် (၄ဝ) အထိ စီးပွားဖြစ်ကောင်းကောင်း ထုတ်ယူနိုင်ပြီး သက်တမ်း (၈ဝ) ခန့်အထိ ကြာရှည်နိုင်ကြောင်း သုတေသနမှတ်တမ်းများတွင် တွေ့ရသည်။
သရက်အား ပင်ပိုင်းဆိုင်ရာလိင်မဲ့နည်းဖြင့် စာပေများမှ တစ်ဆင့်တွေ့ရသော နည်းများမှာ
- ကိုင်းခွဲသပ်ထိုးဆက်နည်း (Wedge and Cleft Grafting)သပ်သွင်းပင်ထောက်ကိုင်းဆက်နည်း (Inarching)အစေ့ရွက်အထက်နားတွင်ကပ်၍ကိုင်းဆက်နည်း (Stone/Epicotyl Grafting)ပါးချင်းအပ်ကိုင်းဆက်နည်း (Splice Grafting)ပါးချင်းအပ်ကိုင်းပူးဆက်နည်း (Approach Grafting)ဘေးတိုက်ပါးချင်းအပ်ကိုင်းဆက်နည်း (Side-veneer Grafting)ဘေးကပ်ဆက်နည်း (Notch Grafting)အမြစ်တွင်ဆက်နည်း (Root Grafting)မြင်းကုန်းနှီးပုံသဏ္ဌာန်ကိုင်းဆက်နည်း/ခွ၍ဆက်နည်း (Saddle Grafting)သစ်ဖူးတုံး/လေးထောင့်ကွက်အဖူးမြုပ်နည်း (Chip/Patch Budding)မြေထုပ်စည်းနည်း (Air-layering) စသည်တို့ဖြစ်သည်။
မြန်မာနိုင်ငံ၌ အများဆုံးဆောင်ရွက်နေသော မျိုးပွားနည်းများမှာ သပ်သွင်းပင်ထောက်ကိုင်းဆက်နည်းနှင့် ကိုင်းခွဲသပ်ထိုးဆက်နည်း တို့ဖြစ်သည်။ အခြားနည်းများကို ဆောင်ရွက်ကြသော်လည်း စမ်းသပ်ရုံအဆင့်သာ ဆောင်ရွက်ကြပြီး စီးပွားဖြစ်ထုတ်လုပ် ရန် ဆောင်ရွက်မှုနည်းပါးပါသည်။ အဖူးမြုပ်မျိုးပွားနည်းနှင့် မြေထုပ်စည်းနည်းကိုမှု ယခုအခါ အခြား တိုင်းပြည်များ တွင်လည်း ဆောင်ရွက်မှုနည်းပါးသွားပြီဖြစ်သည်။
ကိုင်းကူးကိုင်းဆက်မျိုးပွားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အပင်နိမ့်နိမ့်ဖြင့် နှစ်တိုတိုအတွင်း သီးပွင့် လိုခြင်းဖြစ်ပါသည်။ ထို့ကြောင့် အောက်ခံပင် (Stock plant) အား ရွေးချယ်ဆောင်ရွက်မှုသည် အဓိကအရေးပါ ပါသည်။ မြန်မာနိုင်ငံ၌ သရက်မျိုးများစွာရှိသော်လည်း အောက်ခံပင်ထားမည့် သရက်မျိုးများနှင့်ပတ်သက်၍ မျိုးတစ်မျိုးချင်းစီ၏ အားနည်းချက် အားသာချက်များကို သုတေသနပြုဆောင်ရွက်ထားရှိခြင်း မတွေ့ရသေးပေ။ စီးပွားဖြစ်ကိုင်းကူးကိုင်းဆက် ထုတ်လုပ်ရောင်းချနေသူများအနေဖြင့်လည်း ရရာမျိုးစေ့များကို အညှောက် ဖောက်၍ ကိုင်းကူးဆက် ကြသည်သာများပါ သည်။ မြန်မာနိုင်ငံ၌ နေရာဒေသအတော်များများတွင် ပေါက်ရောက်သော မန္တလေးရင်ကွဲ မျိုးအား အောက်ခံပင်အဖြစ်ထား၍အသုံးပြုမှုများသော်လည်း ၎င်းသည် ပင်စည်ထိုးပိုး (Mango Stem Borer) ဒဏ်ကို ခံနိုင်ရည်မဲ့ကြောင်း သတိထားမိလာသည်။
မြန်မာနိုင်ငံရှိ အသုံးများသောသရက်ကိုင်းကူးကိုင်းဆက်နည်းများတွင်လည်း သပ်သွင်းပင်ထောက်ကိုင်းဆက်နည်း (Inarching) သည်လည်း ၎င်းအား ကိုင်းဆက်ချိန်တွင် ရေသောက်မြစ်ကိုဖြတ်၍ အထုပ်သေးများထုပ်ကာ အပင်ကြီးပေါ်တွင် ကပ်၍ ဆက်သောကြောင့် အမြစ်ဖွဲ့စည်းမှု (Root System) ညံ့သွားပြီး အပင်ကြီးထွားဖွံ့ဖြိုးမှုနည်းသည်။ ထို့ပြင် ၎င်းနည်းသည် အခြားကိုင်းကူးကိုင်းဆက်ထားသော အပင်များထက် ပို၍ အသေအပျောက်များကြောင်း စာတွေ့လက်တွေ့အရ သိရသည်။ ယခုအခါ အောက်ခံပင်ထားမည့် အရိုင်းပင်အား စိုက်ကွင်းထဲတွင်ချစိုက်ပြီး ၎င်းတစ်သားအရွယ်ရှိချိန်တွင် ကိုင်းခွဲသပ်ထိုးနည်း (Wedge and Cleft Grafting) ဖြင့် မိမိနှစ်သက်သောမျိုးအား အဖူးကိုင်းအဖြစ် ထားဆက်ခြင်းသည် ပို၍ အောင်မြင်ကြာင်းတွေ့ရသည်။ ၎င်းနည်းဖြင့်ပင် တစ်နှစ်ပျိုးပြီးသား အောက်ခံပင်တွင် ထား၍ဆက်ခြင်းသည်လည်း သပ်သွင်းပင်ထောက် ကိုင်းဆက်နည်းထက် ပိုကောင်းပေသည်။ အဖူးကိုင်းအား အရွယ်ရောက် သီးပွင့်နေသောအပင်မှ ယူရမည်ဖြစ်သည်။ အဖူးကိုင်းအား မဆက်မီ ၇-၁ဝ ရက်ကြို၍ အရွက်များအား ဖယ်ရှားပးသင့်သည်။ ယင်းသို့ ဖယ်ရှားပေးခြင်းဖြင့် ကိုင်းကူးကိုင်းဆက်ချိန်တွင် အဖူးများနိုးကြားနေပြီး ပို၍ အောင်မြင်မှုများသည်။ ကိုင်းဆက်ပြီးနောက် ၎င်းအပင်အား စိုက်ကွင်းအတွင်းသို့ အနည်းဆုံး (၁) နှစ်လောက်နေမှ ရွှေ့ပြောင်းစိုက်သင့်ပေသည်။
အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်။