သားသမီးပြုစုပျိုးထောင်ရာတွင် မိဘတို့ လုပ်မိလေ့ရှိသည့် အမှားများ

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်၊ ပဲ့ပြင်ဆုံးမရတာဟာ လုံးဝမလွယ်တဲ့ အလုပ်ပါ။ သားသမီးပြုစုပျိုးထောင်ရေး သင်တန်းကျောင်းရယ်လိုလည်း မရှိတာကြောင့် မိဘတွေဟာ ကိုယ်သိသလောက်၊ မှတ်သလောက်၊ ကိုယ်ကောင်းမယ် ထင်တာတွေနဲ့ပဲ ကလေးတွေကိုကြိုးစားပဲ့ပြင်ဆုံးမနေကြရပါတယ်။ ကလေးပြုစုပျိုး ထောင်ရေးကျွမ်းကျင်သူတွေ ပိုချတဲ့သင်တန်းကျောင်းတွေ မရှိပေမယ့် ကျွမ်းကျင်သူတွေ ရေးသားထုတ်ဝေထားတဲ့ အကြံပြုဆောင်းပါးတွေတော့ အများကြီး ရှိပါတယ်။ ဒါကြောင့် အဲဒီနိုင်ငံခြားဆောင်းပါးတွေထဲက ကောင်းနိုးရာရာကိုဘာသာပြန် တင်ဆက်လိုက်ပါတယ်။

၁။ ကလေးကို နေရာတကာ လိုက်ချုပ်ချယ်တာ။

မိဘတွေဟာ ကိုယ့်သားသမီး ဘယ်လောက်ပဲ အသက်ကြီးလာ၊ ကြီးလာသူတိုမျက်စိထဲမှာတော့ ကလေးလိုပဲ မြင်လေ့ရှိပါတယ်။ ဒါကြောင့် ကိုယ့်ကလေးက ၁ဝ နှစ်အရွယ်လောက် ရောက်လာလည်း သူ့ကို ကလေးသေးသေးလေးလိုပဲထင်ပြီး နေရာတကာလိုက်ချုပ်ချယ်မိတတ်ကြပါတယ်။ ကလေးက ဘောလုံးကန်လို၊ လဲကျလို ပွန်းရာပဲ့ရာ ရသွားမှာကို မိဘတွေက အစိုးရိမ်လွန်ပြီး ကလေးကိုဘောလုံးမကန်နဲ့၊ အမြင့် မတက်နဲ့၊ ရေမကူးနဲ့ စသဖြင့် လိုက်ချုပ်ချယ်မိတတ်ကြတာပါ။ မိဘက ဒီလို နေရာတကာ လိုက်ပိတ်ပင်နေရင်ကလေးက အသစ်အဆန်းမှန်သမျှ ဘာမှလိုက် မစူးစမ်းချင်တော့တာမျိုး၊ သူ့အမှားကနေ သင်ခန်းစာမယူတတ်တော့တာမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကလေးကို သူ့အရွယ်အလိုက် လွတ်လပ်ခွင့်ချိန်ဆ ပြီး ပေးသင့်ပါတယ်။

၂။ ကိုယ့်ကလေးကို သူတပါးနဲ့ အမြဲလိုက် နှိင်းယှဉ်နေတာ။

ကိုယ့်ကလေးကို တခြား ကလေးနဲ့ ဒါမှမဟုတ် တခြားမောင်နှမ အကြီး၊ အငယ်တွေနဲ့ အမြဲလိုက်နှိင်းယှဉ်တာမျိုးမလုပ်သင့်ပါဘူးလို ပညာရှင်တွေက အကြံပြုထားပါတယ်။ ကျောင်းမှာ ကိုယ့်ကလေး အမှတ်မကောင်းဘူးဆိုရင် ဒါကိုအပြစ် မတင်ဘဲ သူ ဘာကြောင့် စာကို စိတ် မဝင်စားသလဲ၊ ကျောင်းမှာ ဘာအဆင်မပြေတာတွေရှိသလဲ ဆိုတာကို ကလေးကိုသေသေချာချာ မေးကြည့်သင့်ပါတယ်။

၃။ ကလေးကို စည်းကမ်းတွေ ချမှတ်ပြီး ကိုယ်တိုင်ကျတော့ အဲဒီစည်းကမ်းတွေကို မလိုက်နာတာ။

မိဘအများစုဟာ ကလေးကို ဖုန်း ၊ ကွန်ပျူတာ အကြာကြီးမကြည့်ဖို၊ ကျန်းမာ ရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ မစားဖို၊ ဆေးလိပ် ၊ အရက်မသောက်ဖို ၊ ဆဲဆိုတာတွေ မလုပ်ဖို ရှည်လျားထွေပြား ဆုံးမသြဝါဒခြွေလေ့ရှိပေမယ့် ကိုယ်တိုင်က တော့ အဲဒါတွေကိုလိုက်နာလေ့မရှိပါဘူး။ အတုမြင်အတတ်သင်ဆိုတဲ့စကားအတိုင်း ပဲ ကလေးတွေဟာ မိဘကိုပဲအတု ခိုးလေ့ရှိတာပါ။ ဒါကြောင့် ကိုယ့်သားသမီးကို စည်းကမ်းတွေ ချမှတ်ထားတယ်ဆိုရင် ကိုယ်ကိုယ်တိုင်က စံနမူနာဖြစ်အောင် ကြိုး စားရပါမယ်။

၄။ ကိုယ့်တုန်းက မဖြစ်ခဲ့ရသမျှ ကိုယ့်သားသမီးအလှည့်မှာဖြစ်လာအောင် အတင်း တွန်းတာ။

မိဘတွေဟာ ကိုယ့်တုန်းက မဖြစ်ခဲ့ရသမျှ ကိုယ့်သားသမီးအလှည့်မှာ ဖြစ်လာအောင် အတင်းတွန်းလေ့ရှိပါတယ်။ ကလေးတွေဟာထူးချွန်တဲ့ နယ်ပယ်ချင်း တစ်ယောက်နဲ့တစ်ယောက် မတူတတ်တာမို ကိုယ်ဖြစ်စေချင်တာကိုချည်းပဲ ဇွတ် အတင်း ပုံမသွင်းဘဲ သူ့ဝါသနာ၊ ဗီဇ နဲ့ ကိုက်ညီတာကိုပဲ အားပေးသင့်ပါတယ်။

၅။ ကလေးကို အသက် သုံးလေးနှစ်အရွယ်ကတည်းက စာတွေ အတင်းသင်ပေးတာ။

ကလေးဘဝကို လူတိုင်းတစ်ကြိမ်ပဲ ဖြတ်သန်းခွင့် ရကြတာပါ။ ဒါကြောင့် ကိုယ့်ကလေးကို ပညာရေးဘက်မှာ ထူးချွန်စေချင်ဇောနဲ့အသက် သုံးလေးနှစ်အရွယ်ကတည်းက စာအတင်း မသင်သင့်ပါဘူး။ ဒီအရွယ်လေးတွေဟာ လွတ်လွတ်လပ်လပ် ပျော်ပါးဆော့ကစားရမယ့်အရွယ်လေးတွေ ဖြစ်တာကြောင့်မို စာတွေအတင်း မရေးခိုင်းသင့်ပါဘူး။ သူတိုကို စာလုံးတွေနဲ့ မျက်စိယဉ်လာအောင် ပုံပြင် ကာတွန်း
စာအုပ်လေးတွေ ပေးကိုင်တာ၊ စာလေး၊ ကဗျာလေးတွေဖွင့်ပြပြီး စာတွေ နားယဉ်လာအောင် လုပ်ပေးတာလောက်ပဲ အဆင်ပြေပါတယ်။

၆။ ကလေးရှေ့မှာ ရန်ဖြစ်တာ။

ကိုယ့်အိမ်ထောင်ဘက်နဲ့ အော်ဟစ်ရန်ဖြစ်စရာ ရှိလာတယ်ဆိုရင် ကလေးမမြင်နိုင်၊ မကြားနိုင်တဲ့ အခန်းထဲမှာပဲ ရန်ဖြစ်သင့်ပါတယ်။ ကလေးရှေ့မှာ မိဘတွေ ခဏခဏ အော်ဟစ်ရန်ဖြစ်တာဟာ ကလေးရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေလိုပါ။ ရန်ပွဲတွေကို မြင်ရဖန်၊ ကြားရဖန် များလာတဲ့အခါ ကလေးဟာကြီးလာတဲ့အခါ အဲဒီလိုမျိုးပဲ ဖြစ်လာပါလိမ့်မယ်။

၇။ ကလေးကို အော်တာ။

ကလေးကို အော်ဟစ်ငေါက်ငမ်းတာ၊ ရိုက်နှက်ဆုံးမတာဟာလည်း အနိုင်ကျင့်မှုတစ်မျိုးပါပဲ။ ကိုယ် စိတ်အခန့်မသင့်တိုင်း ကလေးကို အော်ဟစ်နေမယ်ဆိုရင် ကလေး စိတ် ထိခိုက်ရပါလိမ့်မယ်။ ကလေးကို ပဲ့ပြင်ဆုံးမချင်တယ်ဆိုရင် ပုံမှန်လေသံနဲ့ပဲ နားဝင်အောင်ပြောပြသင့်ပါတယ်။

၈။ ကလေးကို အလိုလိုက်လွန်းတာ။

တချိုမိဘတွေကတော့ ကလေးကို အလိုလိုက်ပြီးကလေး ပူဆာတာ မှန်သမျှအကုန် ဝယ်ပေး၊ ကလေးကို အစစအရာရာ လိုက်လုပ်ပေးနေတတ်ကြပါတယ်။ အလို လိုက်လွန်းရင် ကလေးဆိုးတတ်သလို မိဘက အစစအရာရာ လိုက်လုပ်ပေးနေတော့
သူ့ဘာသာသူ ဘာမှမလုပ်ချင်တော့ဘဲ ကြီးလာတဲ့အထိ အကျင့်ပါသွားတတ်ပါတယ်။ ဒါကြောင့် ကလေးကို ပြုစုပျိုးထောင်တဲ့အခါ အစွန်းနှစ်ဖက်ကို ရှောင်နိုင်ဖို အရေးကြီးပါတယ်။

၉။ စည်းကမ်းကို တသမတ်တည်း မထားတာ။

စည်းကမ်းကို တမတ်တည်းထားမှ ကလေးက တိတိကျကျမှတ်မိမှာပါ။ ဥပမာအားဖြင့် ညစာ မစားခင် ရေခဲမုန့် မစားရဘူးလို ကလေးကို စည်းကမ်းထုတ်ထားပေမယ့် အိမ်မှာဧည့်သည်တွေရောက်နေတဲ့အခါမှာတော့ ရေခဲမုန့်စားခွင့်ပြုလိုက်တာမျိုးပါ။ ဒါကြောင့် စည်းကမ်းချမှတ်ထားရင် တသမတ်တည်း ကျင့်သုံးရပါမယ်။

၁ဝ။ ကလေး ပြောတာကို စိတ်ပါလက်ပါ နားမထောင်ပေးတာ။

ကလေးတွေမှာလည်း မိဘတွေကို ပြောစရာရှိပါတယ်။ ဒါကြောင့်သူတိုလေးတွေ ပြောတာကို သေသေချာချာ အာရုံစိုက်ပြီး နားထောင်ပေးဖိုလည်း လိုပါတယ်။ ဒါမှသာ သူတို ခံစားနေရတာတွေ၊ သူတို အခက်အခဲတွေကို သိလာပြီး နားလည်ပေးလာနိုင်မှာပါ။ ဒီလိုမှမဟုတ်ဘဲ ဖုန်း၊ ကွန်ပျူတာ၊ တီဗီကိုပဲ ကြည့်နေပြီး ကလေး ပြောတာ ဘာမှသေသေချာချာမကြားလိုက်ဘဲ အင်းပဲ လိုက်နေတာမျိုးက ကလေးအတွက်မကောင်းပါဘူး။

၁၁။ ကလေးကို ဖုန်းအကြာကြီး ကြည့်ခွင့်ပေးတာ။

ဒါကတော့ ဒီနေ့ခေတ်မှာ ဖြစ်လေ့ရှိတဲ့ ပြဿနာပါ။ ကလေးငြိမ်နေရင် ပြီးရော ဆိုပြီး ဖုန်းကိုနာရီတွေနဲ့ချီပေးကြည့်ထားတာမျိုးဟာ ကလေးအတွက် မကောင်းပါဘူး။ ကလေးက တောင်းဆိုလာတိုင်း ဖုန်းပေးကြည့်တာဟာလည်း အလိုလိုက်တာပါပဲ။ ဖုန်းအလွန်အကျွံ ကြည့်တာဟာ ကလေးရဲ့ကျန်းမာရေးအတွက် လုံးဝမ ကောင်းလို ဖုန်းကြည့်ချိန်ကို အတိအကျ ကန့်သတ်ပေးထားသင့်ပါတယ်။

(ဝတီ (NP News) ထံမှ ကူးယူဖော်ပြပါသည်။)

Posted in Uncategorized