သွားတိုက်ဆေးပါ စွဲနေပြီ

   စိန်လုံစခန်းက တောင်ထိပ်မှာရှိသည်။ အမြင့်ဆုံး တောင်ပေါ်မှာ တည်ရှိ ပြီး ရာသီဥတုက ဆိုးရွားလွန်းလှသည်။ တစ်နှစ်ပတ်လုံး နေရောင်ကို ကောင်းကောင်း မမြင်ရဘဲ အမြဲအေးစိမ့်နေသည်။ ဒီဇင်ဘာနှင့်ဇန္နဝါရီလ တွေက အအေး အပိုဆုံးဖြစ်၍ အနွေးဓာတ်ရအောင် မီးဖိုများနှင့် နေကြရ သည်။

   ထိုအချိန်တွင် တပ်မတော် အာမီရမ်မှာ လွန်စွာ အသုံးတည့်ပေသည်။ ခန္ဓာကိုယ်အတွင်း နွေးထွေးစေရန် ပါစကဓာတ်ကို မှီဝဲကြရသည်။

   ဆရာ့အတွက် ညနေတိုင်း ယမကာ မှီဝဲရန် စီစဥ်ပေးရသည်။ အာမီရမ် ၂ပက်ကို ငါးကြင်းခွက်ကြီးအတွင်း ရေအပြည့်ရော၍ မြေပဲဆံ ၁၅စေ့ နှင့် သောက်လေ့ရှိသည်။ မြေပဲဆံ ၁၅စေ့ထက် ပို၍လို၍မရ။ မသောက်ခင် ရေကြည့်သေးသည်။

   ဆရာ့အဆောင်နှင့် ဗိုလ်သော့်အဆောင်က သိပ်မဝေး။ ခေါ်လျင် ကြား နေရသည်။ မီးလင်းဖိုကြီးတွေရှိသော အင်္ဂလိပ်ခေတ်က ဗိုလ်တဲဟောင်းတွေ ဖြစ်လို့ အအေးဒဏ်ကို အနည်းငယ် ခံနိုင်သည်။

   ဗိုလ်သော်မှာ မြင်သာမြင် မကြင်ရ ဖြစ်နေသည်။ အာမီရမ်တွေ့တော့ သောက်ချင်သည်။ နဂိုက ကြိုက်တတ်သူမို့ သီးသန့်လည်း အပိုဆောင်ထား သည်။ ဆရာ့ပုလင်းတွေကိုတော့ သွားမထိရဲ။ နေ့စဥ်ထုံးတို့ မှတ်ထားသည်။

   အာမီရမ်လေးကို စတီးရေဘူးခွက်ထဲထည့်၊ ဆတ်သားခြောက်ဖုတ်လေး ကို အမြည်းလုပ်ပြီး ဗိုလ်သော်ငြိမ့်နေသည်။ ဆရာက သူသာ သောက်မည် ဗိုလ်သော်အရက်သောက်တာတော့ မကြိုက်။ ဗိုလ်သော်ကလည်း အာမီရမ် တွေ့ရင် မနေနိုင်။ ရည်းစားဟောင်းကို ပြန်တွေ့ရသလို ရင်ခုန်လွန်းလို့။ ဖန်ခွက်ထဲ ထည့်သောက်နေလျင် ဆရာသိသွားနိုင်သည်။ ဒါကြောင့် စတီး ရေခွက်နှင့် ထည့်သောက်နေတာ။

   သောက်ရမည့် အချိန်ကိုလည်း တွက်ထားပြီးသား။ ဆရာအရက် သောက်သည့်အချိန် အင်္ဂလိပ်အခက် ဗမာအချက်ဆိုသလို ဗိုလ်သော်တို့ က လည်း ကစ်ပြီးသား။ ဒါမှ သူ့အနံ့ ကိုယ့်အနံ့ အနံ့တွေ ရောသွားမှာ။ လစ်မစ် မှီအောင် ကသောကမျော သောက်ရသည့်အတွက် အရက်သောက်ရတာ ဇိမ်မကျ။

   " မောင်သော်"

   " ရှိ"

   လုပ်ပြီ။ ဒီအချိန်ဆိုခေါ်ပြီ။ သူကသာသောက်တာ သူများဆီက အ ရက်နံ့ နံတာကိုတော့ သူမကြိုက်။ ဒီအတွက်လည်း ဗိုလ်သော် ကြိုတင် စဥ်းစားထားပြီးသား။

   ဆရာ့ဆီ မသွားခင် သွားတိုက်ဆေးကို လက်ညှိုးထဲထည့်ပြီး ပါးစပ် အတွင်းနှင့် သွားများကို ပွတ်လိုက်သည်။ ပူရှိန်းရှိန်း အရသာလေးဖြင့် သွားတိုက်ဆေးအနံ့နှင့် အာမီရမ်အနံ့ ရောသွားပေပြီ။ မပိုင်ပေဘူးလား။

   ဆရာ့ဆီရောက်တော့..

   " မောင်သော်...ဘာလုပ်နေလဲ"

   " ကြေးနန်းရေးနေပါတယ် ခင်ဗျ"

   အာလေးကြီးနှင့် ပြောသံကို မသင်္ကာသလိုနှင့် နှာခေါင်းရှုံ့ကာ အနံ့ခံ ကြည့်သည်။ အရက်နံ့လိုလို ဘာလိုလို ရောနေသည်။

   " ဟုတ်ရဲ့လား"

   " ဟုတ်ပါတယ်"

   သံသယရှိသော်လည်း ကိုယ်တိုင်ကလည်း သောက်ထားသဖြင့် အနံ့ များ ရောထွေးနေသည်။ မကျေနပ်သေးလို့ နှာခေါင်းရှုံ့ကာ ထပ်ပြီးအနံ့ခံ လိုက် သေးသည်။

   " ဘာထူးသေးလဲ"

   " မထူးပါဘူးခင်ဗျ"

   ဆရာက ဗိုလ်သော့်မျက်နှာကို တစ်ချက်လှမ်းကြည့်ပြီး..

   " မောင်သော်...မင်းနှုတ်ခမ်းမှာ ဘာတွေပေနေတာလဲ"

   " ဟို...သွားတိုက်ဆေးတွေပါ၊ ခုနသွားတိုက်နေရင်း ပေသွားတာပါ"

   " ဒါဆိုလဲ သွားတော့"

   ဗိုလ်သော် အရက်သောက်ထားခြင်း ရှိ မရှိ ခေါ်စစ်သော်လည်း သက် သေမခိုင်လုံ။

   စစ်ဆင်ရေးတစ်လျောက်လုံး ထိုနည်းနှင့် အဆင်ပြေခဲ့သည်။ ဆရာ ခေါ်လိုက်ပြီဆို သွားတိုက်ဆေးက တိုက်ပြီးသားပဲ။ အကျင့်တောင် ဖြစ်နေ တော့သည်။

×××××

   စစ်ဆင်ရေး ပြန်ဝင်ပါပြီ။

   နောက်တန်းဌာနချုပ်တွင် လေ့ကျင့်မှုများ၊ပြင်ဆင်မှုများ ဆောင်ရွက် နေကြသည်။

   " ဘဏ်မှာနမူနာလက်မှတ်ထိုးဖို့ ရှိပါတယ်...တပ်ရင်းမှူး" နေ့လယ်သွားလိုက်မယ်...မောင်သော်လိုက်ခဲ့"

       နေ့လယ်တွင် ဗိုလ်သော်တို့ ဆရာတပည့် ဘဏ်ကိုရောက်ကြသည်။ ဗန်းမော်ဘဏ်တွင် အမျိုးသမီး စာရေးမ အပျိုချောများ ပေါ၍ ဘုရားလည်း ဖူးရင်း လိပ်ဥတူးဖို့ပါ ဗိုလ်သော် စဥ်းစားလာခဲ့သည်။

       ဘဏ်အပေါ်ထပ်သို့ ရောက်သည်နှင့် အပျိုတစ်သိုက် တပ်ရင်းမှူးအနား ဝိုင်းလာကြသည်။

       " အဘရှင့်...သမီးတို့ ဘာအကူအညီပေးရမလဲ"

       " ရတယ်..မောင်သော်ပါတယ်..သူဆက်လုပ်လိမ့်မယ်"

       " ဒါဆို ဒီမှာထိုင်ပြီး နားပါရှင့်"

       ဗိုလ်သော်လည်း စာရွက်စာတမ်း ပုံစံများတွင် ဖြည့်သွင်းနေသည်။ ဆရာလက်မှတ်ထိုးရမည့် နေရာများတွင် ထိုးခိုင်းနေသည်။

       " ဒါနဲ့...လုံမလေးတို့ အိမ်ထောင်ပြုမယ့် အစီအစဥ် မရှိကြဘူးလား"

       " အာ..အဘကလည်း..ရည်းစားကို မရှိကြတာ.. အဘရှာပေးလေ.. ဗိုလ်ချောချောလေး တစ်ယောက်လောက်"

       သူတို့ကလည်း မခေပေ။ အုပ်စုတောင့်တော့ ပြောရဲကြပေမပေါ့။

       " ဒီမှာ..ကျုပ်တပည့် ဗိုလ်သော်တော့ရှိတယ်..လုံမလေးတို့ကြိုက်ရင် ကျုပ်ကတော့ သဘောတူတယ်..ကျုပ်တပ်က စစ်ဗိုလ်တွေက ချောပြီးသား"

       ဗိုလ်သော်ပင်လျင် ရှိန်းတိန်းဖိန်းတိန်း ဖြစ်သွားသည်။ သူကပဲ အောင်သွယ်ပေးနေတော့။

       " သမီးတို့က လူများတယ်.. ဗိုလ်သော်က ဘယ်သူ့ကို ကြိုက်မှန်းမှ မ သိတာ"

       နဂို ခင်မင်ပြီးသား ဗိုလ်ကြီးမျိုးအေး၏သမီး မကျော့က ဝင်၍ အတို့ အထောင် လုပ်ပေးလိုက်သည်။

       " အဲ...ဒါပေမဲ့ တစ်ခုတော့ရှိတယ်..မောင်သော်ကို ယူမယ်ဆိုရင် လုံမ လေးတို့ သည်းခံရမယ်ကွဲ့"

       " ဘာဖြစ်လို့လဲ အဘ"

       " အာမီရမ် ဆိုတာရော သိလား"

       " သိပါတယ်..တပ်ကထုတ်ပေးတဲ့ အရက်ပါ"

       ဆရာက ဗိုလ်သော်ကို လှမ်းကြည့်လိုက်သည်။ ပြီးမှ လေသံခပ်တိုးတိုး နှင့်..

       " မောင်သော်က အာမီရမ်တင် မကဘူး..သွားတိုက်ဆေးပါ စွဲနေရှာတာ"

       " ဟင်"

       ဗိုလ်သော်တစ်ယောက် လုပ်နေသော အလုပ်များ ရပ်တန့်သွားပါတော့ သည်။ သူသိနေတာကိုး။ ဓာတ်ပုံကိစ္စထဲက အစာမကြေတာ ခုတော့ ရောတွယ်လိုက်ပုံရသည်။

       ဆရာကတော့ ဆရာပါပဲ။

×××××

ဆက်ရန်
Posted in Uncategorized