အကုသိုလ်စိတ်၊ ကုသိုလ်စိတ်

ပုထုဇဉ်တွေရဲ့စိတ်နဲ့ အရိယာတွေရဲ့စိတ်က ဆန့်ကျင်ဘက်၊ ပုထုဇဉ်တွေကတော့ ကိုယ့်မကောင်းကြောင်းကို တခြားလူသိမှာ အလွန်စိုးတယ်။ အရိယာတွေကျတော့ သူတို့မကောင်းကြောင်းတွေကို ဒီလိုမကောင်းခဲ့တာပါ၊ ဒီလိုစိတ်တွေ၊ ဒီလိုရှိခဲ့ပါတယ်နဲ့ သူတို့စိတ်ကို သူတို့ဖော်ပြောတယ်။

ဘုန်းဘုန်းတို့တရားကျင့်ခဲ့စဉ်တုန်းက သဲအင်းဂူဆရာတော်ကြီးက သူ့အကြောင်းသူမကွယ်ဝှက်ပဲ ပွင့်ပွင့်လင်းလင်း ဤ၍ဤမျှ အထိဆိုးခဲ့သော်ငြားလည်း စွန်းလွန်းဆရာတော်ဘုရားကြီးအကြောင်းရေးထားတဲ့ စာအုပ်ကိုဖတ်ပြီး သူတောင်ရဟန္တာကြီးဖြစ်သေးတာပဲ ငါဘာလို့မဖြစ်ရမှာလဲဆိုပြီးတော့ အဲ့ဒီနေရာမှာ တစ်ခါတည်းကို ကျုပ်ကကျင့်တော့မယ်ဆိုပြီး။ နောက်ဆုံးအနေနဲ့ လက်ရှိရှိတဲ့မိန်းမနှစ်ယောက် စားလောက်အောင်ထားခဲ့ဖို့ ဓါးပြသွားတိုက်ခဲ့တာ မရပါဘူးဗျာတဲ့။ ဟောဒီမှာကြည့်ဆိုပြီး ပုလ္လင်ကြီးပေါ်ကငုံ့ပြီးတော့ ခေါင်းဘေးစောင်းမှာ ဓါးခုတ်ထားတဲ့ဒဏ်ရာကိုပြတယ်။ ဓါးနဲ့ အခုတ်ခံရပါတယ်တဲ့။ ဒါတောင်မိန်းမလုပ်သူက ကိုအောင်ထွန်းရေ ခေါင်းကပြောင်နေတယ် ဦးထုပ်ယူသွားပါဆိုလို့ ယူသွားလို့တဲ့။ ယူသာမယူရင် ပွဲချင်းပြီးတစ်ခါတည်းသေနိုင်တယ်တဲ့။ ခုတ်ချလိုက်တာဂျိုစောင်းကို တစ်ခါတည်း ကိုယ်ကတော့ ဒုတ်နဲ့ရိုက်တယ် ထင်တာပေါ့တဲ့ နောက်ကျမှ ဓါးခုတ်ခံရမှန်း သိတော့မှ ခပ်သုတ်သုတ် ပြန်ထွက်လာပြီးတော့ခေါင်းကြည့်တော့လဲ သွေးတွေနဲ့ဒဏ်ရာနဲ့ သူ့ကိုယ်ပိုင်ဒေါက်တာဆီသွားပြီး ကြိတ်ပြီးဆေးကုရတာပေါ့တဲ့။ မူလသဲအင်းဂူ ဆရာတော်ကြီးပြောပြတဲ့ သူ့အကြောင်းနားထောင်နေမှ သူကဗိုလ်အောင်ဒင် စတိုင်အတိုင်းပဲ။ ဗိုလ်အောင်ဒင်ကမြို့ မှာနေတယ် သူကကမာရွတ်မှာနေတယ်။ အထက်အရာရှိတွေနဲ့လဲပေါင်းတယ် သူက။ အောက်မှာတပည့်တွေနဲ့လွှတ်ထားတယ်။ တပည့်တွေဓါးပြတိုက်လို့တစ်ခုခုဖြစ်ရင် အထက်ကဖြေရှင်းလိုက်တယ် အောက်မှာလွတ်ရော။ အဲ့ဒီပုံးစံအတိုင်းလုပ်တဲ့အကြောင်းကို ဆရာတော်ကြီးကပြောပြနေတယ်။

အဲ့ဒီလိုနဲ့ တရားကျင့်ချင်စိတ်ပေါ်လာရော မှော်ဘီ သဲကုန်းရွာအနီးမှာ ကျုပ်ဆောက်ထားတဲ့ ဓမ္မာရုံတစ်ခုရှိတဲ့ဆီသွားတယ်တဲ့။ အဲ့ဒီအချိန်မှာ ပရိတ်သတ်ကြားက တရားလက်ထောက်က မေးလိုက်တာသိပ်ကောင်းတယ်။ အောက်ကနေ ဒကာတစ်ယောက်က အရှင်ဘုရားတဲ့ အရှင်ဘုရားက ဓါးပြတွေတိုက်၊ ကြက်တွေတိုက်၊ ဖဲတွေရိုက်ပြီး မကောင်းတဲ့အလုပ်တွေလုပ်နေခဲ့စဉ်တုန်းက သိမ်တွေဆောက် ဓမ္မာရုံကြီးဆောက်နဲ့ စတဲ့အလှူအတန်းတွေ လုပ်တာဟာ ဘယ်ကပိုက်ဆံနဲ့ဆောက်ပါသလဲဘုရားတဲ့၊ ဟ….ဒကာကြီးရ ဓါးပြတိုက်တဲ့ ပုဂ္ဂိုလ်ပါဆိုမှ ဓါးပြတိုက်တဲ့ ပိုက်ဆံနဲ့ဆောက်တာပေါ့တဲ့။ အဲ့ဒီတော့ဘုရားတဲ့ ဒီဓါးပြတိုက်တဲ့ပိုက်ဆံနဲ့ ဆောက်တော့ ကုသိုလ်ရပါ့မလားတဲ့။ ဒါနော် ဒီမေးခွန်းကိုမေးတာက ဓမ္မာစရိယ သုံးကျမ်းပြီးပြီးသား ပုဂ္ဂိုလ်က လူထွက်ပြီးတော့ နေရင်းနဲ့ ဒီတရားတွေရလို့ တခါသူကဆရာတော်ကြီးရဲ့ တရားလက်ထောက်အနေနဲ့ လိုက်ပြီး သာသနာလိုက်ပြုတဲ့ ပုဂ္ဂိုလ်ကြီး။ ဆရာတော်ကြီးက ကကြီးရေးကသတ်ကက်နဲ့ ကျောင်းပြီးထားတဲ့ ပုဂ္ဂိုလ်ဆိုတော့ စကားလုံးတွေမှားမှာစိုးလို့သူက အောက်ကနေထောက်ထောက်ပေးတယ်။ တခုခုမှားသွားရင်အောက်ကနေ သူကစကားပြင်ပေးရင် သူပြင်ပေးတဲ့ စကားလုံးအတိုင်းဆရာတော်ကြီးကလည်း ပြင်ပြင်ပြီးဟောပေးတယ်။ ဆရာတော်ကြီးက လူဆိုးကြီးဆိုတော့ ခပ်ကြမ်းကြမ်းကြီးကိုး။ ပြောရင်ဒဲ့ထိုးကြီးပြောတာ။ တရားနာနေတဲ့ပုဂ္ဂိုလ် နှလုံးသားထဲအထိရောက်အောင် ထိထိမိမိပြောတတ်တယ်သူက။

အဲ့ဒီမှာ ဆရာတော်ကြီးပြောလိုက်တာ ဟ..ဒကာကြီးရာတဲ့ ဓါးပြပဲတဲ့ ဓါးပြတိုက်လို့ရတဲ့ ပိုက်ဆံနဲ့ကျုပ်ဆောက်တာပေါ့တဲ့။ အဲ့ဒီလိုဆို ကုသိုလ်ရပါ့မလားတဲ့ အောက်ကနေလှမ်းမေးတယ်။ သြော်…ဒကာကြီးရယ်တဲ့ ဓါးပြတိုက်ချင်တဲ့စိတ်က ဘာစိတ်တုန်းတဲ့၊ အကုသိုလ်စိတ်ပါဘုရား။ လှူချင်တဲ့စိတ်ကရော ဘာစိတ်လဲ ကုသိုလ်စိတ်ပါ။ အေး အကုသိုလ်စိတ်၊ ကုသိုလ်စိတ်တွေမှာ ဓါးပြတိုက်နေတဲ့အချိန်ဆိုလည်း လုံးဝကုသိုလ်စိတ်မရှိဘူးတဲ့ ကျုပ်သူများအိမ်က ပိုက်ဆံရဖို့စိတ်ပဲ ရှိတယ်တဲ့။ ဘယ်အိမ်မှာပိုက်ဆံဘယ်လောက်ရှိလဲ ကျုပ်ဒါပဲတွက်တယ်တဲ့။ အကုသိုလ်စိတ်ပေါ့တဲ့။ အဲ့ဒါတွေရပ်လိုက်တဲ့ အချိန်ကျတော့လဲ ဟာလှူချင်လိုက်တာ ငါဒီကျောင်းတော့ ဒါလေးလှူဦးမယ်ဆိုတာ ဝင်လာပြန်တော့ ကုသိုလ်စိတ်။ ဓါးပြတိုက်ဖို့ စိတ်လုံးဝမရှိဘူး။ အဲ့ဒီတော့ အကုသိုလ်စိတ်၊ ကုသိုလ်စိတ်တွေက တစ်စိတ်စီပဲတဲ့။ မကောင်းတဲ့စိတ်ကလည်းတစ်စိတ်ဖြစ်ပေါ်လာတာပဲ၊ ကောင်းတဲ့စိတ်ကလည်း သူ့ဟာသူပေါ်ချင်ထပေါ်လာတာပဲ။

အဲ့ဒါကိုနားထောင်ပြီး ဘုန်းဘုန်းလေ သဘောကျသွားခဲ့တယ်။ ဟယ်…ဟုတ်သားပဲ၊ ငါအိမ်မှာနေရာကနေလာတာ ရုပ်ရှင်ရုံသွားမလို့လာတာ အကုသိုလ်စိတ်နဲ့ ဆရာတော်ကြီးပြောတဲ့အတိုင်း ဘုန်းဘုန်းကအောက်ကနေ ကိုယ့်စိတ်ကိုယ်ပြန်တွက်နေရတာ၊ အခုလမ်းတစ်ဝက်မှာ ရဟန္တာဆိုတာတွေ့လို့ ဆိုင်ကယ်ပေါ်ကနေဆင်းပြီး ငါလာကြည့်တယ်။ အဲ့တော့ရုပ်ရှင်သွားကြည့်ဖို့စိတ်ကပျောက်သွားတယ်။ အခုမှပြန်ပေါ်တယ်။ ခုနကရုပ်ရှင်သွားကြည့်မယ့်စိတ်မရှိတော့ဘူး ။ ဟယ်… ဟုတ်သားပဲ တစ်စိတ်သီပဲ။ အဲ့ဒီ့မှာ သညာနဲ့သဘောပေါက်သွားတယ်။ ဟာဒါဖြစ်နိုင်တယ်။ ငါ့စိတ်တွေက အမြဲဖြစ်နေတယ်မှတ်တာ မဟုတ်ပါလားနဲ့ အဲ့ဒီ့မှာ သညာနဲ့သဘောကျပြီးတော့ ဘုန်းဘုန်းလဲကျင့်ခဲ့တာ ဒီနေ့လိုမျိုးဖြစ်လာခဲ့တော့တာပါပဲ။

ဘာပြောချင်တာလဲဆိုတော့ အရိယာစကား သူတော်ကောင်းစကားဆိုတာ တစ်ချက်လောက် နားဝင်ပြီး သဘောပေါက်သွားရင် အရမ်းကောင်းတယ်။ ဘုန်းဘုန်းသဲအင်းဂူမှာ ခြောက်နှစ်ကျင့်တယ်။ ခြောက်နှစ်ကျော်ကျော် ကျင့်တဲ့အခါကျတော့ ဒီဝေဒနာကို ဆုံးအောင်လိုက်တာ လေးနှစ်၊ ငါးနှစ်လောက်ဆက်တိုက်လိုက်ခဲ့တာ။ ရုံးမှာ လုပ်သက်ခွင့်မပြောနဲ့ လစာမဲ့ခွင့်က များတယ်။ ဘာဖြစ်ဖြစ် အရေးမလုပ်တော့ဘူး တရားရဖို့တစ်ခုသာ အာရုံထားတော့တယ်။ ဘယ်သူ့ပေါင်းထားလဲဆိုတော့ ဋ္ဌာနခွဲမန်နေဂျာကို ပေါင်းထားရတယ်။ သူကလည်းဘုန်းဘုန်းကို လူလည်းလူငယ် တရားသမားလဲ တရားသမားဆိုတော့ တရားသမားလေး၊ တရားသမားလေးနဲ့ ချစ်ခင်စောင့်ရှောက်ပေးတယ်။ အိုဗာတိုင် ဘုန်းဘုန်းဆင်းရမယ့် အလှည့်ရောက်တဲ့အခါမှာ လူစားထည့်ပေးတယ်။ ဘုန်းဘုန်းရဲ့လစာကိုတောင်မဖြတ်တဲ့အပြင် သူကတောင်လမ်းစားရိတ်ပေးသေးတယ်။ အေးကွယ့် ငါ့အတွက်လဲ ကုသိုလ်ရအောင် မင်းေအေးအေးဆေးဆေး တရားထိုင်ပါ လတ်မှတ်ကတော့ ဋ္ဌာနခွဲမန်နေဂျာဆိုတော့ သူကကူညီတာပေါ့။ အဲ့ဒီလိုနဲ့ ဘုန်းဘုန်းတရားကျင့်တာ။

ဒီလောကီဘက်က အလုပ်တွေ၊ ငွေကြေးတွေ၊ ရာထူးတွေကို မမက်နိုင်ဘူး ဘုန်းဘုန်းမှာ အလုပ်မပြုတ်ရင်တော်ပြီ တရားဘက်ကိုသာမဲတာ။ အဲ့ဒီလိုကျင့်ရင်းနဲ့ လေးနှစ်လောက်ကြာတော့ မိုးကောင်းမှာပေါ့ တစ်လုံးတည်းနဲ့ သဘောပေါက်သွားတာ။ မသိရင်တော့ခက်တယ်။ သိရင်လွယ်တယ် တရားဆိုတာက။ မူလသဲအင်းဂူ ဆရာတော်ကြီးရဲ့စခန်းတိုင်းမှာဘုန်းဘုန်းက ရှေ့ဆုံးမထိုင်တာ၊ နောက်မှာဆိုကိုယ့်စိတ်ကို ကိုယ်မနိုင်လို့။ အခုဒကာမကြီးတို့တရားစခန်းမှာသာ နှစ်နာရီ၊ သုံးနာရီရတယ် အိမ်ပြန်သွားကြည့်ဘယ်တော့မှ မရဘူး တစ်နာရီတောင် အနိုင်နိုင်။ ဘယ်တော့မှစိတ်ကို မနိုင်ဘူး။ ကျောင်းမှာကျတော့ ရနေတယ်။ ကိုယ့်စိတ်ဆိုတာ ဆုံးမရခက်တယ်။ သူများသားသမီးဆုံးမတာထက် ကိုယ့်သားသမီး ဆုံးမရတာခက်တယ်။ ကိုယ့်သားသမီးဆုံးမရတာထက် ကိုယ့်ကိုယ်ကို ဆုံးမရတာသာ၍ ခက်တယ်။

ကိုယ့်စိတ်ကို ကိုယ်ဆုံးမရတာ အခက်ဆုံး တခါတလေတော့ သူ့ကိုချော့ခိုင်းရတယ်။ ဘုန်းဘုန်းကတပည့်တွေကို အမြဲဆုံးမတယ် ညဘက်အိပ်ရင်လျော့အိပ်ကြ သိပ်မအိပ်ကြနဲ့၊ အိပ်ရာက ထဆိုပြီး နှိုးပြီး တရားထိုင်ခိုင်းတယ် အေး..မင်းတို့အခုစားနေတဲ့ ဆွမ်းတွေကမင်းတို့အမျိုးညီအစ်ကိုမောင်နှမ တွေရဲ့ဆွမ်းတွေမဟုတ် ဒကာ၊ ဒကာမတွေရဲ့ဆွမ်းတွေ စားပြီးတော့ အသက်တွေကြီးနေတာ အဲ့ဒီတော့ အိပ်မနေကြပါနဲ့ ဒကာ၊ ဒကာမတွေအတွက်အားထုတ်ပါဦးနဲ့ အားထုတ်ဦးမယ်ဟဲ့ ဆိုတဲ့သဒ္ဓါတွေထားပြီး အားထုတ်ကြ။ နာရီဝက်ရရ၊ တစ်နာရီရရ အားထုတ်ကြလို့အမြဲဆုံးမတယ်။ ကိုယ့်အတွက်ကိုယ်ဆိုပြီး အိပ်မနေကြနဲ့ နောက်တော့ ပုပ်ပွအောင် အိပ်ကြရဦးမယ်။ လောက်တွေစားတဲ့အထိ အိပ်ကြရဦးမယ်။ သေသွားရင်ပုပ်ပွသွားမယ် အဲ့ဒီတော့ဒီရုပ်ကြီးကို တို့တတွေ မညှာနဲ့ဆိုပြီး ဘုန်းဘုန်းအမြဲဆုံးမရပါတယ်။

အဲ့ဒီစိတ်ကလည်း ကလန်ကဆန်လုပ်တယ် စိတ်ကလေးက ဘယ်လိုလာတယ်မှတ်လဲ ဘုန်းကြီးပဲတဲ့ လုပ်စရာမရှိဘူး မနက်ဖြန်ခါကျတော့ နေ့ခင်းဖက်အားရင် အားထုတ်လို့ရတာပဲ၊ ညဖက်မအိပ်ရင်မူးမှာပေါ့၊ မောမှာပေါ့ နဲ့စိတ်ကလေးကလုပ်သေးတယ်။ အထဲထဲကနေ အင်မတန် မကောင်းတဲ့ဘက်ကို ဆွဲတယ်။ အကုသိုလ်စိတ်နဲ့ ကုသိုလ်စိတ်က အမြဲတန်းဒွန်တွဲနေတယ်။ မကောင်းတဲ့စိတ်ကများတယ် ကောင်းတဲ့စိတ်ကနည်းတယ်။ အဲ့သလိုကိုယ့်စိတ်ကို ကိုယ်စစ်ကြည့် မကောင်းတာတွေ တွေ့ကြရမယ်။ အခုနေတော့၊ သီလပိုင်း၊ သမာဓိပိုင်း တွေနဲ့ သိပ်ကောင်းနေတာပေါ့ စိတ်ကလေးတွေဖြူစင်နေတယ်။ ဘယ်မှာသွားတွေ့မလဲဆိုတော့ သမာဓိကိုဖျက်ပြီး ပညာပိုင်းကူးပြီဟေ့ လဲဆိုရော ဟိုဘက်မှာလာပြီ နှောင်ချိန်ခန်းတွေ ဇာတ်တွေကဝင်ပြီ လာပါလိမ့်မယ် ကိလေသာတွေ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေပေါ်လာရော။

တချို့ယောဂီတွေ ဘုန်းဘုန်းဆီလာတယ် ဆရာတော့် တပည့်ဆုံးမပါဦးတဲ့ အရင်တုန်းကဒီလောက်မဆိုးဘူးတဲ့ တရားအားထုတ်မှ ဒေါသတွေဖြစ်လိုက်တာ ဆိုပြီးလာပြောကြတယ်။ ဘုန်းဘုန်းသိတာပေါ့၊ အရင်တုန်းက ထိန်းထိန်းသိမ်းသိမ်းနဲ့ ဒေါသကို ထိန်းနိုင်သေးတယ်။ တရားအားထုတ်တဲ့ပုဂ္ဂိုလ်ကလေ ဒေါသဖြစ် ဒိုင်းကနဲဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သိကြတယ်။ အဲ့ဒီတော့မှ ဖြစ်လို့ဆိုပြီး တော်ကတရားအားထုတ်တာပဲဒေါသကြီးလှချီလားပြောရင် အမလေး ပိုကြီးသေးတယ်။ ဘာတုန်းတဲ့ တရားထိရင် မခံနိုင်ဘူးသူက။ ဒါပေမယ့် ဖြစ်ကြောကျတော့တိုတယ် ဖြစ်ပြီးသွားရင် မဖြစ်သလိုပဲ။ အဲ့ဒါလေးတော့ ထူးခြားတယ်။ နောက်ကျတော့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းရတယ်။

ပုထုဇဉ်တိုင်းမှာ ကိလေသာ ၁၀ ပါးရှိကြပါတယ်။ အမျိုးအစားအားဖြင့် (၃)မျိုးပေါ့။

(၁) ဝိတိက္ကမ ကိလေသာ
အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ၍ ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် လောဘ၊ ဒေါသ အလျောက်ဖောက်ပြန်ကျူးလွန်စေတတ်မှု။ ဒီကိလေသာကိုတော့ သီလစောင့်ထိန်းပြီး တားဆီးရပါတယ်။

(၂) ပရိယုဋ္ဌာန ကိလေသာ
မနော ဒွါရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာပေါ့။ ဒီကိလေသာကိုတော့ သမထ ဘာဝနာ ကျင့်ကြံပြီး တားဆီးရတယ်။

(၃) အနုသယ ကိလေသာ
သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့်သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျုးလွန်တတ်သော ကိလေသာပေါ့။ ဒီကိလေသာကိုတော့ ဝိပဿနာဘာဝနာအားထုတ်မှ အမြစ်ကနေပယ်သတ်ရှင်းလင်းနိုင်မယ်။ အနုသယကိလေသာတွေက ခန္ဓာထဲမှာရှိပြီးသား။ ဒါတွေက သီလသမာဓိနဲ့ အုပ်ထားတော့မပေါ်ဘူးပေါ့။ တကယ့် မဂ်လိုပဲ။

ပညာခန်းဆိုတာက အဲ့ဒီ့သမာဓိ ဖြည်ပြီးတော့ လက္ခဏာထဲလဲ ထည့်လိုက်ရော ဒီစိတ်တွေထွက်လာတာပဲ။ ကိုယ့်ကိုယ်ကိုတောင် အံ့သြသွားတယ်။ မဟုတ်ပါဘူး ငါဒီလောက်တရားတွေကျင့်လာတာ ဒီစိတ်တွေက အရင်ကမပေါ်ပါဘူး ဘာဖြစ်လို့ပေါ်ရသလဲဆိုပြီးတော့နဲ့လေ။ သူများမပြောသာလို့မပြောတာ ကိုယ်ဖြစ်တဲ့စိတ်တွ ကိုယ်ပဲသိတယ်။ ကိုယ့်ကိုယ်ကို ကြိတ်သတ်၊ တရားတွေနင်းထိုင်၊ ခါတိုင်းထက်တိုးထိုင်လေ ပိုပေါ်လာလေပဲ။ မကောင်းတဲ့စိတ်တွေပိုထွက်လာတယ်။ ဟာ.. ဘယ်လိုဖြစ်ပါလဲနဲ့၊ မီးလောင်လို့ ကိုယ့်ကိုယ်ကို တစ်ယောက်တည်းကြိတ်သတ်နေရတယ် လူသိမှာစိုးလို့။ ရာဂစိတ်တွေ၊ လောဘစိတ်တွေ၊ ဒေါသစိတ်တွေဆိုတာ အမလေး ထစ်ခနဲဆို ဒိုင်းကနဲ ဘဝင် ကနေတင်းခနဲဖြစ်လာလိုက်နဲ့ အဲ့ဒီစိတ်တွေပဲ သတ်နေရတာပဲ။ အဲ့ဒီတော့ လူသာမသိ သာ၏ မနည်းပေါ့။ ဟိုဘက်ရောက်လာတော့မှ ပေါ်လာတာ။ အဲ့ဒီနေရာမှာက နားမလည်ရင်တော်တော်ခက်တယ်။

မဟုတ်ပါဘူး ငါတရားတွေဒီလောက်အားထုတ်နေတာ ဒီစိတ်တွေဘာလို့ဖြစ်ရလဲနဲ့ သူများမပြောနဲ့ ကိုယ့်ကိုယ်ကို တောင်မကောင်းတော့ဘူး။ ဒီတရားအားထုတ်တာ သူတော်ကောင်းအလုပ်လုပ်နေတာ ဒီသူယုတ်မာစိတ်တွေ ဖြစ်ရတာလဲနဲ့၊ ဘယ်ဟုတ်မလဲ ကိုယ်ဒီစိတ်တွေကို အကောင်းမှတ်ပြီးသိမ်းလာတာ အခုမှသူ့ကိုမြင်လာတာ။ မြင်လာတော့အဲ့ဒီစိတ်တွေကို ကိုယ်ကပါယ်ရတယ်။ လူအနေနဲ့ကနေ အရိယာလမ်းဘက်ပြောင်းဖို့သမာဓိဖယ်လိုက်ရင် လူထက်ဆိုးတာတွေ တွေ့ရလိမ့်မယ်။ ကိုယ့်စိတ်တွေကိုယ်တွေ့ရလိမ့်မယ် သူများစိတ်တွေမစစ်နိုင်ဘူး။ ကိုယ့်စိတ်တွေကိုယ် မနိုင်မနင်းနဲ့ အရမ်းဆိုးတယ်နော်။ အဲ့ဒါတွေဆိုးတာကို အဲ့ဒါကိုပါယ်မှ။ အင်မတန်မှများတဲ့ ကိလေသာတွေကို သမာဓိက အပေါ်ကနေ အဖုံးဖုံးလိုက်တာ။ ဖုံးလိုက်တော့ ဘာမှမဖြစ်တော့ တကယ်ကိုချမ်းသာတာ။ တရားသိပ်ကောင်းတယ်နဲ့ ပျော်ပြီးတော့ တရားပဲအားထုတ်ချင်တယ်။ ဘယ်မှာသွားပြီး ဒုက္ခဖြစ်လာလဲဆိုတော့ သမာဓိခန်းကနေ ပညာခန်းကိုလဲကူးရော ပေါ်လာပါလိမ့်မယ်ဗျာ စိတ်တွေ။ ကိုယ့်စိတ်တွေဆိုတာ ဘယ်လောက်ညစ်ပတ်သလဲလို့ ဒီခန္ဓာကြီးထဲမှာဆိုတာ တခါတည်းမှကို ဘုန်းကြီးသာဖြစ်တယ် အတွင်းစိတ်တွေဆိုတာလေ တခုမှမကောင်းဘူး။ ကိုယ့်စိတ်တွေကိုယ်သိလာတယ်။ အဲ့ဒီပေါ်တဲ့စိတ်တွေကိုရှု့ရတော့တာပဲ။ မရှု့လို့လဲမရတော့ဘူး။ အိပ်ရမှာတောင်မအိပ်ရဲတော့ဘူး၊ ဒီစိတ်တွေဖြစ်နေတာ ဒီစိတ်ပဲထိုင်ရှု့နေတာ အိပ်ဖို့ဆိုဝေးရော။

ဒီစိတ်တွေကို နင်းသတ်နေရတယ် ရှု့နေရတယ်။ ပေါ်တဲ့စိတ်တွေကိုသတ်လိုက် အဲ့ဒီစိတ်ကိုကြည့်လိုက်နဲ့ နောက်ကျတော့နားလည်လာတယ်။ ဒီစိတ်တွေကို ငါ ပဒူအုံ ဒုတ်နဲ့ထိုးလိုက်ပါလား။ ပျားအုံကြီး သူ့ဟာသူအုံနေတာကြီးကို တသံသရာလုံးရှိနေတဲ့ပျားအုံကြီး၊ ဟိုဘက်ဘဝကူးလဲ သူပါတဲ့ ကိလေသာပျားအုံကြီးကိုဒုတ်နဲ့ထိုးလိုက်တော့ပွတက်သွားတာပေါ့ အဲ့ဒါကိုရှု့ရတော့တာ။ ဒီပျားအုံကြီးကို မပြုတ်ပြုတ်အောင်ပေါ့။ ဘုန်းဘုန်းအရင်တုန်းက မပြောတတ်ပြောတတ်နဲ့ပေးတဲ့ ဥပမာလိုပေါ့ ဘာလဲဆိုတော့ အပေါက်က တစ်ပေါက်ပဲရှိတယ် အဲ့ဒီ့အပေါက်ထိပ်မှာ ပျားအုံကြီးကတွယ်တယ်ဗျာ။ ပျားအုံကြီးဖြတ်ပြီးတော့ လူတွေသွားတယ် ပျားအုံထဲတကောင်တမြီးက လှမ်းတုတ်လိုက်တယ်။ မလွတ်ဘူးလူတိုင်းမလွတ်ဘူး။ ပြန်လာတာ တစ်ကောင်တုတ်ခံရတယ်၊ နှစ်ကောင်တုတ်ခံရတယ်၊ တချို့သုံးကောင်တုတ်ခံရတယ်။ ဟာဒီနားပျားတုတ်တယ်သာ သိတာ ပျားအုံဘယ်နားမှာမှန်းမသိဘူး။ သွားတဲ့လူတိုင်းတုတ်ခံရတယ်။ အဲ့ဒီတော့သိတဲ့ ပုဂ္ဂိုလ်ကနေ အေး…မင်းပျားတုတ်ခံရတာဟောဒီမှာကွ ဟောဒီမှာ မင်းဒုတ်နဲ့ထိုးကြည့်ဆိုတော့ ပျားအုံမှန်းလဲမသိတော့ ပျားတွေကပွလာပြီးပိုတုတ်တာပေါ့။ အေး… အတုတ်ခံ ပိုထိုး အဲ့ဒီပျားအုံကြီးပြုတ်ကျသွားမှ လွတ်မှာဆိုတော့ ပျားတုတ်ခံပြီး ပိုထိုးရတယ်။ နောက်အဲ့ဒီပျားတွေလဲကုန်ရော ပျားအုံကြီးပြုတ်ကျသွားရော နောက်တစ်သက်လုံးကိုယ့်ပျားမတုတ်တော့ဘူး။ အဲ့ဒီဥပမာလိုပဲ ရာဂ၊ ဒေါသ၊ မောဟ၊ လောဘဆိုတဲ့စိတ်တွေက ခန္ဓာထဲမှာကိန်းပြီးသား လှည်းနဲ့တိုက်လို့မကုန် ကွန်တိန်နာကားကြီးနဲ့ တင်လို့မကုန်နိုင်တဲ့ စိတ်တွေ အဲ့ဒီ့စိတ်တွေကို ကိုယ်ကကုန်အောင်ရှု့ရတာ။ ကိုယ့်စိတ်တွေ ကိုယ်ပဲသိတယ်နော်။ ဟန်ဆောင်ထားကြတာလူတွေက။ ဟန်ဆောင်ပြီးတော့နေကြတာ အတွင်းအစ္ဖ္ဇျတ္တစိတ်တွေက မကောင်းပါဘူး။ အဲ့ဒီစိတ်တွေကို ကိုယ့်စိတ်တွေကိုယ်စစ်လာတော့ သိလာတယ်။

သြော်…လူတွေကဘယ်လိုနေတယ်၊ ဘယ်စိတ်နဲ့နေတယ်။ ဘယ်စိတ်နဲ့ယှဉ်တယ်၊ စကားပြောတာနဲ့ ဘယ်စိတ်နဲ့ပြောနေမှန်း အကုန်လုံးအတတ်သိတယ်။ ကိုယ်ဖြစ်ခဲ့တာကိုး။ ဒီစိတ်ဆိုတာက နာမ်တရားပဲ။ အခု ဒီရုပ်ဆိုတာက ၃၂ကောဋ္ဌာဿ အဖွဲ့အစည်းပဲ။ ယောက်ကျားလည်းမဟုတ်၊ မိန်းမလည်းမဟုတ် အဖွဲ့အစည်းကြီးပဲ။ အဲ့ဒီ ၃၂ ကောဋ္ဌာသရဲ့ မျက်စိအကြည်၊ နားအကြည်တွေမှာ တိုက်လို့ပေါ်လာတဲ့ စိတ်တွေက ခွေးမြင်တော့ ခွေးစိတ်၊ ကြက်မြင်တော့ ကြက်စိတ်၊ ဝက်သံကြားတော့ ဝက်စိတ် မိန်းမသံကြားတော့ မိန်းမစိတ် အသံကိုမှီမှီပြီး စိတ်တွေက ပေါ်ပေါ်လာတယ် နာမ်တရားက။ ဒီ ၃၂ကောဋ္ဌာသ အကြည်ရုပ်ကြီးကိုမှီပြီး နာမ်တရားပေါ်လာတယ်။ ပေါ်လိုက်တဲ့အခါမှာ ဒီရုပ်ကြီးထဲမှာ ဘာထည့်ထားလဲဆိုတော့ ကိလေသာတွေ ထည့်ထားတယ်။ အဲ့ဒီက ထပေါ်တာပေါ့ ဒီလိုပေါ်တော့မှ အဲ့ဒီ့စိတ်တွေကို ကိုယ်ကခန္ဓာမှာ လှည့်ရှု့ရတယ်။ ကောင်းတဲ့လမ်းတစ်လမ်းမှ မရှိဘူး။ အရိယာတွေသွားတဲ့လမ်း မကောင်းဘူးဗျ။ ဒုက္ခကို ကောင်းကောင်းကြီးကျော်နင်းနေရတယ်။ အဲ့ဒီ့ ဒုက္ခတွေလည်းကုန်ရော ချမ်းသာတာမှ အရမ်းချမ်းသာပါတယ်။

ဘုန်းဘုန်းက သောတ္တပတ္တိမဂ်ကနေ သစ္စာလေးပါးမြင်ပြီး မဂ်ကျပုံတွေလောကသုံးပါးမြင်ပုံတွေကို တက္ကသိုလ်က ပါမောက္ခတစ်ဦးကို ဟောဖူးတော့ ဒကာကြီးရယ်လို့ အဲဒီနေရာမှာ ဒကာကြီးတို့ရဲ့အခုလက်ရှိ စိတ်တွေ အကုန်သေသွားတာလို့ သောတပန်က။ သောတပန်ဖြစ်ရင် ငါသောတပန်ဖြစ်ပြီလားမေးရင် ဒီပုဂ္ဂိုလ်က မဟုတ်သေးဘူးပဲ။ ဘုန်းဘုန်းက ဒါကြောင့်မို့ တရားမစစ်တာပေါ့။ ပြောတာဆိုတာနားထောင်လိုက်၊ သူ့အသံဘာသံလဲ၊ လက္ခဏာသံလား၊ သမာဓိသံလား၊ သီလသံလား၊ လောဘသံလား၊ တချို့လောဘသံဒေါသသံ၊ ရာဂသံ ရှိတယ်။ ဒီအသံထဲမှာကိုပဲ မှီနေတာ။ အဲ့ဒီ့အသံကို နားထောင်လိုက်တာနဲ့ သိတယ်။ ဒီမဂ်ကျသွားတဲ့ ပုဂ္ဂိုလ်က အခုလက်ရှိ ဒကာ၊ ဒကာမတို့ရဲ့ လက်ရှိစိတ်တွေသေသွားတာ။ စိတ်အသစ်ဖြစ်သွားတာ။ အရိယာစိတ် သောတပန်စိတ်ဆိုတာက အင်မတန်ဖြူစင်တယ် ဝန်ပေါ့သွားတယ်။ အပါယ်လေးပါးချမယ့် ဝန်ထုပ်ဝန်ပိုးကြီးချလိုက်သလို ပေါ့သွားတယ်။ အင်မတန် ထမ်းပါများတော့ မလေးဘူးထင်ပြီးထမ်းထားတာ၊ သောတပန်ဖြစ်လာရင် ဝန်ထုပ်ဝန်ပိုးကြီးချလိုက်သလို တစ်ခါတည်းကို ပေါ့ပါးပြီးစိတ်အသစ် ဖြစ်သွားတယ်။

အဲ့ဒီ့စိတ်တွေသာ မဂ်ကမသတ်ရင်လေ အပါယ်လေးပါးသွားမယ့် လောဘတွေ၊ ဒေါသ၊ မောဟ စိတ်တွေနဲ့ လူတစ်သိန်းသေတယ်လတစ်ကုဋေသေတယ် လူတစ်ယောက်ပြန်ဖြစ်ဖို့မလွယ်ဘူးတဲ့။ မှန်တာပေါ့ စိတ်တွေက လောဘနဲ့ယှဉ်တဲ့စိတ် ဒေါသနဲ့ယှဉ်တဲ့စိတ် မောဟတဲ့ယှဉ်တဲ့စိတ်၊ ရာဂနဲ့ယှဉ်တဲ့စိတ်၊ ဒီကြားထဲ ဥပဒါန်တို့ကလည်းပါသေးတယ်။ ဒီစိတ်ကလေးက ပစ္စုပ္ပန်မှာ မရှိဘူး။ ဒါကြောင့်မို့ ပစ္စုပ္ပန် ရှု့ခိုင်းတယ်။ ဘယ်မှာရှိသလဲဆိုတော့ ဒီစိတ်ကလေးကလေ အတိတ်နဲ့ အနာဂတ်မှာပဲ ကူးနေတယ်။ ကိုယ့်တစ်ယောက်တည်းနေကြည့် တွေးနေတယ်။ ဒီတွေးနေတဲ့စိတ်က အခု ပစ္စုပ္ပန်ဘာတွေတွေးနေလဲဖြစ်ပြီးသားကို တွေးနေတယ်။ အတိတ်ကိုတွေးနေတာ။ တခါတလေလဲ မဖြစ်သေးတာကို တွေးနေတယ်။ အနာဂတ်ကိုတွေးနေတယ်။ ဒီစိတ်ကလေးကလေ ဖြစ်ပြီးတာနဲ့ မဖြစ်သေးတာပဲတွေးတတ်တယ်။ ပစ္စုပ္ပန်ဆို သူမတွေးဘူး။ ပစ္စုပ္ပန်ကိုမြင်အောင်ရှု့ခိုင်းတာ ဝိပဿနာ။ အဲ့လိုရှု့တတ်ရင် ဒကာ၊ ဒကာမတို့ ဟောဒီတစ်စခန်းတည်းနဲ့လဲရတယ်။ အခုဘုန်းဘုန်းပြနေတယ်ဆိုတာလဲ ပစ္စုပ္ပန် တင်တင်ပြီးခေါ်ယူသွားတယ်။ အဲ့ဒါလက္ခဏာ သဘောပေါက်သွားရင်တော့ အကွက်သိပ်ကောင်းတယ်။ မသိရင်တော့ ဘာတွေပြောနေမှန်းမသိဘူး။ ငါ့ဘာတွေပြောနေတာလဲ ငါလဲလုပ်နေရဲ့နဲ့ ဘယ်ဥစ္စာလဲနဲ့။ တခါတလေပေါ်တာရှု့ဆိုတော့ အသာလေးငြိမ်နေတယ်။ ပေါ်ရင်ရှု့မယ်ပေါ့ ငြိမ်နေတယ်။ ငြိမ်နေတာလေးပေါ်တာ သူမသိဘူး။ ပေါ်ရင်ရှု့မလို့ ငြိမ်ပြီးတော့ အသာလေးနေနေတယ်။ ရှု့ကွက်ကပေါ်နေပြီ ငြိမ်နေတာလေးပေါ်နေတာ သူမသိပဲရှေ့ သာမဲနေတာ။ နောက်ကိုလှည့်မကြည့်မိဘူး အဲ့ဒါလေးတွေ။ ဒါနော် လက္ခဏာပိုင်း ဉာဏ်ပိုင်းတွေကျတော့ ဒီလိုသွားတာ။

ဥပမာ ဘုန်းဘုန်းပြောပြမယ် ပစ္စုပ္ပန် ရှု့ဆိုတော့ ဒကာ၊ ဒကာမတွေက အသာကလေးသတိထားတယ်။ ပေါ်ရင်ရှု့မလို့တခါတည်း ဘာပေါ်မလဲဆိုတာ သတိလေးနဲ့စောင့်နေတယ် အဲ့ဒါ ပစ္စုပ္ပန် မဟုတ်ဘူးလား၊ ဟုတ်လား။ သတိလေးနဲ့လေ ပေါ်တာရှု့မလို့ အသာလေး စောင့်နေတယ် ပေါ်ရင်ရှု့မလို့ သတိထားနေတယ်ပေါ့ အဲ့ဒါ အတိတ်လား၊ အနာဂတ်လား၊ ပစ္စုပ္ပန်လား။ အေး…အဲ့ဒါအနာဂတ်မျှော် နေတာနော်၊ ယောဂီကတော့ အဲ့ဒီလိုနေတာကို ပစ္စုပ္ပန် ထင်နေတာ။ ပေါ်ရင်ရှု့လိုက်မယ်ဆိုကတည်းက ဘာစိတ်လဲ။ ပေါ်ရင်ရှု့လိုက်မယ်ဆိုပြီးတော့ စောင့်နေတာ အနာဂတ်ကူးနေတာကို ယောဂီကတော့ ပစ္စုပ္ပန်ထင်နေတာ။ ပေါ်ရင်ရှု့မယ်ဆိုပြီး ဝင်လေ၊ ထွက်လေလေး အကဲခတ်နေပေမယ့် ရည်ရွယ်ချက်က အနာဂတ်ကူးနေတာ။ အဲ့ဒါကိုအောက်ခြေမှာတော့ ပစ္စုပ္ပန်ပေါ့။ ဒီ့ထက်အထက်တွေလဲရောက်လာရော မဟုတ်တော့ဘူး။ အတိတ်ရောက်သွားလိုက် အနာဂတ်ကူးသွားလိုက်နဲ့ ဒီစိတ်ကလေးကနော် ငြိမ်နေတာမဟုတ်ဘူး ကြံမိကြံရာလေး ကြံနေတာ။ အဲ့ဒီ့စိတ်ကလေးများတွေ့လာရင် ယောဂီတို့ ဟောဒီ့လူ့ပြည်၊ လူ့ရွာမှာလေ အင်မတန်နေလို့ကောင်းပါတယ်။ ဒါကြီးတွေက ဒီရုပ်ကြီးတွေက ကျုပ်တို့ခဏ ငှားလာတဲ့ အခွံကြီးတွေပါ။ တနေ့ထားခဲ့ရမှာ ခြောက်ပေခေါင်းထားခဲ့ရမှာ။ သူမသွားခင်၊ ဒီရုပ်မထားခင် နင်းသာကျင့်ကြပါ။ ကိုယ်သေချင်တိုင်းသေလို့ရတဲ့ရုပ်မဟုတ်ဘူး။ ဘုန်းဘုန်းတို့ဆို သေကွင်းတွေ အများကြီးကြုံခဲ့ရတယ် ဒါပေမယ့် ဒီတရားပြဖို့တွေက ရှိလာတော့ မသေပါဘူး။ ကိုယ်သေချင်တိုင်းသေလို့မရပါဘူး။

တရားတွေကျင့်တော့ ဝေဒနာတွေနဲ့ တွေ့လာတော့ ငါတော့သေတော့မှာပဲ ဆိုပြီးမပြင်နဲ့ ချ၊ သဒ္ဓါနဲ့သာတွန်းတင်။ ဆုံးအောင်လိုက်၊ သည်းခံ၊ ခွင့်လွှတ်၊ စွန့်လွှတ်ပြီးတော့လိုက် အဲ့သဒ္ဓါကအကျိုးပေးလိမ့်မယ်။ စိတ်ကလေးက သေတော့မှာပဲ၊ ဘာတော့မှာပဲနဲ့ အော်နေတဲ့စိတ်ကလေးက ဘုန်းဘုန်းတို့ ဒီဘက်တွေရောက်မှ သိလာတယ်။ ဒီသေတော့မှာပဲ ဆိုတဲ့စိတ်က မွေးတုန်းကလည်းပါမလာဘူး ငါ့ရုပ်ကြီးပဲ ငါ့ကိုယ်ကြီးပဲလို့ အသိမှား၊ အမှတ်မှား၊ အယူမှားတဲ့စိတ်က မွေးတုန်းကလဲ ပါမလာဘူး။ ဒီဘက်ရောက်မှ နှစ်ခါလည်ရောက်မှ သူ့ကိုယ်သူနာမည်တပ်ပြီးတော့မှတ်လို့သိတဲ့စိတ်၊ ခြေပဲ၊ လက်ပဲလို့သိတဲ့စိတ်က ပိုင်ရှင်မဲ့ကြီးကို သူ့ဟာလို့ယူထားတဲ့စိတ်က သေတော့ မှာပဲအော်နေတာ။ သူ့ဟာလဲ တစ်ခုမှ မပါဘူး။ ပိုင်ရှင်မဲ့ကြီးကို ပိုင်ရှင်လာလုပ်တဲ့ကောင် သေ၊ သေ။ ကိုယ့်စိတ်ကိုကိုယ် ရန်ဖြစ်ပြီးကျင့်နေကြရတာ။ သူများစိတ်မစစ်အားဘူး၊ အဲ့သည်လို ကိုယ့်စိတ်ကိုယ်စစ်ပြီး ကျင့်ရတာပါ ဘုန်းဘုန်းတို့တုန်းက။ ဘုန်းဘုန်းတို့က လက္ခဏာတွေပြင်ပေးရင်လွတ်ပြီး သက်သာလာတယ်။ သဒ္ဓါတွေတင်ပေးရင် သဒ္ဓါတွေတက်ပြီး သက်သာလာတယ်။ ဘုန်းဘုန်းတို့တုန်းကဆို ကိုယ့်ဟာကိုယ်ရုန်းပြီး တက်ခဲ့ရပါတယ်။ ဝေဒနာကို အဲ့ဒီလိုရုန်းပြီးတက်ခဲ့ရတာပါ။ ကဲ…တရားလဲအဆုံးသတ်ရင်း ဒီနေ့လည်း ကြိုးကြိုးစားစားလေးနဲ့ ကျင့်လိုက်ကြပါဦးစို့ ယောဂီတို့။

(ယုသင်းချို ရေးသားပူဇော်ပါသည်)

ဓမ္မဒါနဖြင့်
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့(စင်္ကာပူ)
www.vizawdayatheinn.com

Posted in Uncategorized