အခွံမာရေသတ္တဝါများ (shellfish) ဖြစ်သော ကနုကမာ၊ ယောက်သွား၊ ဂုံး၊ မုတ်ကောင် (Molluscs and Bivalves) တို့တွင် တွေ့ရှိရသည့် ရေညှိ(Algae)နှင့် ဆက်စပ်သော အဆိပ်ဖြစ်ပါသည်။ ယင်းသတ္တဝါများသည် ပင်လယ်အောက်ခြေကြမ်းပြင်များတွင်နေထိုင်ပြီး ရေညှိနှင့်အမှုန်အမွှားများကို စစ်၍ စားသုံးသည့်သတ္တဝါ (Filter Feeder)များဖြစ်၍ အဆိပ်ရှိသည့်ရေညှိများ ခန္ဓာကိုယ်တွင်းရောက်ရှိ များပြားစုပုံလာခြင်းဖြင့် အဆိပ်ဖြစ်ပေါ်လာပါသည်။
Shellfish အဆိပ်အမျိုးအစားများအား အောက်ပါအတိုင်း ခွဲခြားနိုင်ပါသည်-
(၁) လေဖြတ်ခြင်းကိုဖြစ်စေသောအဆိပ် (Paralytic Shellfish Poisoning – PSP)
လေဖြတ်ခြင်းကိုဖြစ်စေပါသည်။ ယင်းကို Saxitoxin ဟုလည်းခေါ်သည်။ PSP အဆိပ်ပါဝင်မှု ၁၂၀-၁၈၀ မိုက်ခရိုဂရမ်(µg)တွင် စားသုံးသူကို အနည်းငယ်မျှ အဆိပ်သင့်ခြင်းလက္ခဏာပြသည်။ အဆိပ်ပါဝင်မှု ၄၀၀-၁၀၆၀ µg ပမာဏရှိပါက စားသုံးသူကို အန္တရာယ်ဖြစ်နိုင်သည်။ ဩစတြေးလျ နိုင်ငံ၏ စံသတ်မှတ်ချက်အရ Bivalves, Molluscs များတွင် ဆက်စီအဆိပ်ကို ၈၀ µg/kg (ပီပီဘီ) အထိသာပါဝင်မှုကို သတ်မှတ်ထားပါသည်။ သို့ရာတွင် ပင်လယ်ရေထွက်ပစ္စည်း (မုတ်၊ ကမာ) အား ၁၅၀ ဂရမ်အထိ စားသုံးလျှင် PSP အဆိပ်သင့်မှု အနည်းငယ်ဖြစ်ပေါ်နိုင်သည်။
(၂) အာရုံကြောချွတ်ယွင်းမှုကိုဖြစ်စေသောအဆိပ် (Neurotoxic Shellfish Poisoning – NSP)
အာရုံကြောချွတ်ယွင်းမှုကို ဖြစ်စေသောအဆိပ်ဖြစ်သည်။ လူတို့အပေါ် NSP အဆိပ်သင့်ခြင်း အတွက် အနည်းဆုံးပမာဏကို မသိရသေးပေ။ ၁၉၉၃ ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၌ ဖြစ်ပွားခဲ့သော အဆိပ်သင့်မှုမှာ Shellfish တွင် NSP ပါဝင်မှု ၅၉၂ mµ / 100 g ဖြစ်ကြောင်းသိရှိရသည်။ ဩစတြေးလျ နိုင်ငံ၏ NSP ပါဝင်မှု စံသတ်မှတ်ချက်( Food Standard Codes)မှာ ၂၀၀ mµ /kg ဖြစ်သည်။
(၃) သွေးအားနည်းရောဂါကိုဖြစ်စေသောအဆိပ် (Amnesic Shellfish Poisoning – ASP)
သွေးအားနည်းရောဂါကိုဖြစ်စေသောအဆိပ်ဖြစ်သည်။ ကနေဒါနိုင်ငံတွင် ASP အဆိပ်ပါဝင်မှု ကို ၂၀ µg domoic acid / g အဖြစ် စည်းမျဉ်းသတ်မှတ်ထားသည်။ အဆိပ်ဖြစ်မှုပမာဏမှာ ၆၀ mg ဝန်းကျင်ဖြစ်သည်။ ဩစတြေးလျနိုင်ငံတွင် မုတ်ကောင်များ၌ ASP အဆိပ်ပါဝင်မှုကို Maximum Limit အနေဖြင့် ၂၀ mg domoic acid equivalent / kg အဖြစ်သတ်မှတ်ထားသည်။
(၄) ဝမ်းသွားခြင်းကိုဖြစ်စေသောအဆိပ် (Diarrheetic Shellfish Poisoning – DSP)
ဝမ်းသွားခြင်းကို ဖြစ်စေသောအဆိပ်ဖြစ်သည်။ DSP အဆိပ်သည် အဆီတွင်ပျော်ဝင်သော ပေါ်လီအီသာဓာတ်ပေါင်းဖြစ်သည်။DSPအဆိပ်ကို ဓာတုဗေဒအခေါ်အရ အိုကာဒစ်အက်စစ်( Okadaic Acid)ဖြစ်သည်။ DSP အဆိပ်သည် ပြင်းအား ၈၀ µg ထက်နည်းလည်း အဆိပ်ဖြစ်နိုင်သည်။ ဩစတြေးလျနိုင်ငံ၏ DSP အဆိပ်ပါဝင်မှု စံသတ်မှတ်ချက်မှာ ၀.၂ mg of okadaic acid / kg ဖြစ်သည်။
Biotoxin အဆိပ်ဖြစ်ပေါ်မှုအပေါ်ထိန်းချုပ်မှု
Shellfish များအားဖမ်းဆီးပြီးနောက်ပိုင်း အပူချိန်ထိန်းခြင်းနှင့် အခြားပြုပြင်ထုတ်လုပ်ခြင်း နည်းလမ်းများသည် အဆိပ်ပါဝင်မှုအားဖယ်ထုတ်နိုင်ခြင်းမရှိသလို ချက်ပြုတ်ခြင်းဖြင့်လည်း အဆိပ်များမဖယ်ထုတ်နိုင်ပါ။ Shellfish များနှင့် ယင်းတို့ထုတ်လုပ်သည့် ပတ်ဝန်းကျင်ရေပြင်ကို စောင့်ကြည့်လေ့လာစစ်ဆေးခြင်းနည်းလမ်းအရကာကွယ်ခြင်း (Prevention)ဖြင့်သာဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
ဥရောပသမဂ္ဂနိုင်ငံများ (EU)သို့ Shellfish ရေထွက်ကုန်များတင်ပို့လိုပါက“EU Regulation (EC) No 854 / 2004” အရ “Official Monitoring Program for Shellfish Production Waters” နှင့် “ 11 Official Control Monitoring Programmes for Live Bivalve” တို့အားမဖြစ်မနေအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့မှသာEU နိုင်ငံများ သို့တင်ပို့ခွင့် ရရှိမည် ဖြစ်ပါသည်။ ဂျပန်၊ ဩစတြေးလျ နိုင်ငံများကလည်း မြန်မာနိုင်ငံမှ Shellfish များတင်သွင်းလိုခြင်းအတွက် Biotoxins Test(PSP, NSP, ASP, DSP)များစစ်ဆေးပေးရန် တောင်းဆိုမှုများရှိပါသည်။ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် သဘာဝအဆိပ်အတောက်များပါရှိတတ်သော ရေငန်ငါးမျိုးစိပ်များနှင့်ယင်းတို့၏ သဘာဝရေပြင်အား လေ့လာစောင့်ကြည့်စစ်ဆေးမှု သုတေသနလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းစားသုံးသူများ အတွက် ဘေးအန္တရာယ်ကင်းဝေးပြီးပြည်ပဈေးကွက်သို့တိုးချဲ့တင်ပို့သွားနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်