ရွှေ ၅ ပိဿာကျော်နဲ့ ငွေကျပ်သိန်း ၅ဝ လုယက်သူ တရားခံ အမျိုးသားသုံးဦးကို ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ငွေကျပ်သိန်း ၂၅,၄ဝ၂ ကျော်တန်ဖိုးရှိ ရွှေထည် ပစ္စည်းမျိုးစုံ ၅ ပိဿာ ၂၉ ကျပ်သားခန့်နှင့် ငွေကျပ် သိန်း ၅၀ တို့ကို သေနတ်ပစ်ဖေါက်ခြိမ်းခြောက်ကာ လုယူသွားသူ တရားခံ အကြမ်းဖက် pdf အမျိုးသား သုံးဦးကို သက်သေခံရွှေထည်ပစ္စည်း၊ ငွေများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ ရွှေနှင့် ငွေတို့သည် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနှင့် ဆင်ရေတွင်းလမ်းထောင့်ရှိ “မြရွှေယုံ” ရွှေဆိုင်မှ ရွှေငွေများဖြစ်ကြပြီး အောက်တိုဘာလ ၂၁ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်တွင် သံသေတ္တာ ၃ လုံးဖြင့် သိမ်းဆည်းကာ ယာဉ်မောင်းတစ်ဦးတည်းမောင်းနှင်သည့် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် သယ်ဆောင်စဉ် လှိုင်မြို့ နယ်ရှိ ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်ရှေ့အရောက် မော်တော်ယာဉ်တစ်စီးဖြင့် အမျိုးသား ၄ ဦး ရောက်ရှိလာပြီး သေနတ်တစ်ချက် ပစ်ခတ်၍ ယာဉ်မောင်းအား ဝိုင်းဝန်းရိုက်နှက်ကာ ကားနောက်ဖုံး မှန်အား တူဖြင့်ထု၍ ရွှေထည်ပစ္စည်းနှင့် ငွေများထည့်ထားသည့် သေတ္တာ(၃)လုံး လုယူထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅)ရပ်ကွက်မှ မသက်ထားခိုင်(ခ)ရည်မွန်အေး(၃၇)နှစ်၊ ခင်ပွန်းဖြစ်သူ ထက်အောင်ခိုင်(၃၆)နှစ်(ဘ)ဦးအေးချိုနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဒဿမ ၃၂ ဗို့ ခြောက်လုံးပြူး(၁)လက်၊ S&WL ကျည်(၉)တောင့်၊ ၎င်းကျည်ခွံ(၁)ခု၊ ငွေစက္ကူရောရာ ၁၈ သိန်းကျပ်၊ ပွင့်ဖြူမြို့နယ်၊ ပေါက်စုကျေးရွာနေ တရားခံ ကျော်ကြီး(ခ)ကျော်ဇင်ဟိန်း(၂၂)နှစ် (ဘ)ဦးထွန်းထွန်း နှင့် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အမှတ်(၈) ရပ်ကွက်နေ တရားခံ စောပိုင်ဇော်ဦး(ခ)ပိုင်ကြီး (၃၅)နှစ် (ဘ)ဦးစံသောင်း တို့အား အသီးသီး လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ(စိစစ်ဆဲ)တို့အား ဆက်လက်သိမ်းဆည်း ရမိခဲ့သည်။

Posted in Uncategorized