၁၆ ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ပေါ်ထွန်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ် အပါး (၁၁၂)ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပခဲ့ပြီး (၇၆) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲအထိ ၇၆ နှစ်တာကာလအတွင်း တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်သူမြတ်(၁၆)ပါး ပေါ်ထွန်းလာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

(၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်မြတ်များအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်ကြရာ ပိဋကတ်သုံးပုံ အာဂုံရေးဖြေ အောင်မြင်တော်မူသဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ကို ၁၆ ပါးမြောက်အဖြစ် ရရှိတော်မူသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊  တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ပညာသိရီလင်္ကာရ နှင့် မူလအာဘိဓမ္မိက အောင်မြင်တော်မူကြသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မိုးမိတ်ကုန်းမြေ၊ မင်းကွန်း တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ဇနိန္ဒ တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

(၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ပိဋကသုံးပုံ အာဂုံရေးဖြေအောင် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ရသာသနာ့ အာဇာနည် အရှင်မြတ် ၁ ပါး၊ ပိဋကနှစ်ပုံခွဲ အာဂုံအောင် မူလအာဘိဓမ္မိက  ၅ ပါး၊ ပိဋကနှစ်ပုံ ရေးဖြေအောင် ဒီဃနိကာယကောဝိဒ ဘွဲ့ရသာသနာ့ အာဇာနည် အရှင်မြတ် ၃ ပါး၊ ပိဋကနှစ်ပုံ အာဂုံအောင် ဒီဃဘာဏက ဘွဲ့ရသာသနာ့အာဇာနည် အရှင်မြတ် ၉ ပါး၊ ပိဋကတစ်ပုံ ရေးဖြေ အောင် ဝိနယကောဝိဒဘွဲ့ရ သာသနာ့ အာဇာနည်အရှင်မြတ် ၅ ပါး၊ ပိဋကတစ်ပုံ အာဂုံအောင် ဝိနယဓရ သာသနာ့အာဇာနည်အရှင်မြတ် ၃၁ ပါး၊ ဝိနည်း(ပထမပိုင်း) ရေးဖြေအောင် ဥဘ တောဝိဘင်္ဂကောဝိဒဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၇ ပါး၊ ဝိနည်း(ပထမပိုင်း) အာဂုံ အောင် ဥဘတော ဝိဘင်္ဂဓရဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၅၁ ပါး ၊ စုစုပေါင်း ၁၁၂ ပါး အောင်မြင်တော်မူခဲ့ကြောင်း သိရှိရပါတယ်။

ယခု ကျင်းပပြီးစီးခဲ့သည့် (၇၆)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲအထိ (၇၆) နှစ်တာကာလအတွင်း တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်သူမြတ်(၁၆)ပါး ပေါ်ထွန်းခဲ့ပြီး ယင်းဘွဲ့တံဆိပ်တော်ကို ရရှိပြီး၍ (၅)နှစ်ပြည့်မြောက်သည့်အခါ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ကို နိုင်ငံတော်မှ ဆက်ကပ်သည့်အတွက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့ရ ဆရာတော်ကြီး ၁၄ ပါး ပေါ်ထွန်းခဲ့ပြီးဖြစ်သည်။ တိပိဋကဓရ ပိဋကတ်သုံးပုံ အာဂုံ‌ဆောင် သာသနာ့ အာဇာနည် အရှင်သူမြတ်(၅)ပါးလည်း ပေါ်ထွန်းခဲ့ပြီးဖြစ်၍ တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့ အာဇာနည်အရှင်သူမြတ်များ ဆက်လက်ပေါ်ထွန်းလာမည့် အလားအလားကောင်းများလည်း ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

#crd-mtnews

Posted in Uncategorized