၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအား ဆော်ဒီတွင်ကျင်းပမည်

၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆောင်းရာသီနှင့် နွေရာသီ မည်သည့်ရာသီဥတုပင်ဖြစ်စေ ကျင်းပနိုင်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဆော်ဒီအာရေဗျဘောလုံးအဖွဲ့ချုပ်(SAFF) ဥက္ကဋ္ဌ ယာဆာအယ်လ်မီဆီဟယ်လ်က ပြောကြားခဲ့သည်။

ကန္တာရနိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျတွင် နွေရာသီအမြင့်ဆုံးအပူချိန်သည် (၅၀)ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိနိုင်ကြောင်း သိရသည်။

”တကယ်တော့ ကျွန်တော်တို့ ဖြစ်နိုင်တဲ့အရာအားလုံးအတွက် အသင့်ရှိပါတယ်။ ယနေ့မှာ နည်းပညာအသစ်တွေ များစွာထွက်ပေါ်နေပြီး ဒါက ကျွန်တော်တို့ကို အကူအညီဖြစ်စေမှာပါ။ ကွင်းအတွင်း အေးအောင်၊ ဒါမှမဟုတ် Air-con တွေထပ်ထည့်ပြီး လုပ်လို့ရပါတယ်”ဟု အယ်လ်မီဆီဟယ်လ်က ပြောကြားခဲ့သည်။

၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ယှဉ်ပြိုင်ရွေးချယ်ခံမည့်ပြိုင်ဘက် မရှိသဖြင့်  ပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံမှ လက်ခံကျင်းပခွင့်ရခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) သည် ၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် နောက်ဆုံးစာရင်းပေးသွင်းရသည့်ရက်ကို အောက်တိုဘာလ(၃၁)ရက် သတ်မှတ်ခဲ့ပြီး ယင်းနေ့အထိ ဆော်ဒီအာရေဗျတစ်နိုင်ငံသာ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

FIFA သည် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ကို အာရှ သို့မဟုတ် သမုဒ္ဒရာနိုင်ငံများအား ပေးအပ်မည်ဟု အစောပိုင်းကတည်းက ကြေညာထားပြီး အဆိုပါဒေသမှနိုင်ငံများကို အိမ်ရှင်ရွေးချယ်ပွဲဝင်ရန် တရားဝင်ဖိတ်ကြားခဲ့သည်။

သြစတြေးလျနိုင်ငံသည် မူလက ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်ပွဲဝင်ရန် စိတ်ဝင်စားခဲ့သော်လည်း FIFA မှ သတ်မှတ်ထားသည့် Deadline မတိုင်မီ နာရီအနည်းငယ်အလိုတွင် စာရင်းမသွင်းရန် ဆုံးဖြတ်ခဲ့သည်။

၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် မော်ရိုကို၊ ပေါ်တူဂီနှင့် စပိန်စသည့် (၃)နိုင်ငံက ပူးတွဲကျင်းပခွင့်ရထားပြီး ပြိုင်ပွဲ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အဖြစ် စတင်ကျင်းပရာ တောင်အမေရိကတိုက်ရှိ ဥရုဂွေး၊ အာဂျင်တီးနား၊ ပါရာဂွေးနိုင်ငံများတွင် အုပ်စုအဖွင့်ပွဲတစ်ပွဲစီ ကစားသွားမည်ဖြစ်သည်။

၁၉၃၀ ကမ္ဘာ့ဖလားတွင် တောင်အမေရိကနိုင်ငံ (၇)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်း(၃)နိုင်ငံလည်း ပါဝင်ခဲ့သည်။

၂၀၃၀ နှင့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်နိုင်ငံများ ထွက်ပေါ်ထားပြီးဖြစ်သော်လည်း တရားဝင်အတည်ပြုရန်အတွက် ၂၀၂၄ နှောင်းပိုင်းတွင်ကျင်းပမည့် ဖီဖာကွန်ဂရက်တွင် ကြေညာမည်ဖြစ်သည်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုမူ မြောက်အမေရိကတိုက်နိုင်ငံများဖြစ်သည့် မက္ကဆီကို၊ အမေရိကန်နှင့် ကနေဒါတွင် ကျင်းပရန် စီစဉ်ထားသည်။

၂၀၃၀ နှင့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်ရာတွင် FIFA သည် ကိုယ်ပိုင်စည်းမျဉ်းများကိုပင် လျစ်လျူရှုခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW) က စွပ်စွဲခဲ့သည်။ 

crd, eleven

Posted in Uncategorized