▪️နည်းနည်းလေး လွဲသွားတယ် ▪️

တောင်ပေါ်မြို့လေးရှိ တပ်ရင်းဌာနချုပ်တွင် ဖြစ်ပါသည်။ ဗိုလ်တင့်မော်တစ်ယောက် သင်တန်းတက်ရန် ရှေ့တန်းမှ တပ်ရင်း ဌာနချုပ်သို့ ညက ပြန်လည်ရောက်ရှိပါသည်။ နောက်နေ့ နံနက်ပိုင်း တွင် တပ်ရင်းရုံး သို့သွား၍ စာရွက်စာတမ်းများပြုလုပ်ပြီး တပ်ရေး ဗိုလ်ကြီးထံ သတင်းပို့ရန် သွားသော်လည်း ဘဏ်သွားနေ၍ မတွေ့ ခဲ့ရပါ။

အရာရှိရိပ်သာတွင် နေ့လယ်စာစားပြီးနောက် ဗိုလ်ကြီးထွန်း လင်း၏အိမ်သို့ သွားလည်ရန်စိတ်ကူး ပေါ်လာခဲ့ပါသည်။ ဗိုလ်ကြီးထွန်းလင်းနှင့် မမအုံး တို့မှာ စိတ်သဘောထားကောင်းမွန်ပြီး လူပျို အရာရှိများ၏ အနွံတာကို ခံနိုင်ကြသူများ ဖြစ်သည်။ ဗိုလ်ကြီး ထွန်းလင်းမှာ လုပ်သက်ဖြင့်အရာရှိ ဖြစ်လာသူဖြစ်ပြီး သားသမီး သုံးဦးရှိပါသည်။ မမအုံးမှာလည်း အညာသူ ဖြစ်ပြီး ရိုးသားလွန်းကာ ကလေးသုံးယောက်နှင့် အလုပ်အမြဲရှုပ်နေတတ်သူ ဖြစ်ပါသည်။

မိမိတိုရှေ့တန်းတက်စဉ်က ဗိုလ်ကြီး ထွန်းလင်းမှာ နောက်တန်းဌာနချုပ် တွင် နယ်မြေစိုးမိုးရေးတာဝန်နှင့် ကျန်ရစ်ခဲ့ပါသည်။ ထိုကြောင့် မတွေ့တာ ကြာသွားသော အစ်ကိုကြီးနှင့်လည်း စကားပြောရန် မမအုံးအားလည်း နှုတ်ဆက်ရင်း လက်ဆောင်ပေးရန် လာခဲ့ခြင်းလည်း ဖြစ်ပါသည်။
ဗိုလ်ကြီးထွန်းလင်း၏ အိမ်ရှေ့ရောက်သည်နှင့် မမအုံးကို တွေ့ရပါသည်။

“ဟယ် … မောင်လေး။ ဘယ်တုန်းက ပြန်ရောက်လဲ”

“ညက ရောက်တာ။ အစ်မ နေကောင်းလား … ကလေး တွေရော မမြင်ပါ လား”

“အေး … နေကောင်းပါတယ်။ ကလေးတွေတော့ ကျောင်း သွားကြတယ်။ ထိုင်ဦးလေ ”

ပါလာသော လက်ဆောင်ကို ပေးလိုက်ပြီးနောက် …

“အစ်ကိုကြီးလည်း မမြင်ပါလား … နယ်မြေစိုးမိုးရေးမှာပဲလား”

“မဟုတ်တော့ဘူး။ လက်ထရိန်( Latrine )သွားတယ်လေ”

“ဪ … ဟုတ်ကဲ့။ အစ်မ”

ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပါသည်။ မမအုံးလည်းလက်ဖက်ရည်သွားဖျော် နေပါသည်။ အိမ်သာဘက်သို့လည်း မျက်လုံးကစားကြည့်မိပါ သေးသည်။ အကိုကြီးများ ထွက်လာမလားပေါ့။

မမအုံး လာချပေးသော လက်ဖက်ရည်ကိုသောက်ရင်း စကားပြောဖြစ်နေ
ကြသည်။ နာရီဝက်ခန့်ကြာသည်အထိ ဗိုလ်ကြီး ထွန်းလင်းက မလာသေး။ ဝမ်းများချုပ်နေတာလား။ ဘာများ ဖြစ်နေသလဲပေါ့။ မမအုံးကတော့ စကားပြောမပျက်။နည်းနည်းကြာလာတော့ မေးမိပါတော့သည်။

“အစ်ကိုကြီး … ဘယ်သွားလို့လဲ အစ်မ”

“လက်ထရိန်လေ … ဟယ်”

“ဘယ်လက်ထရိန်ကိုများ သွားတက်နေတာလဲ အစ်မရယ်”

“ဗထူးမှာလေ”

“ဗျာ …”

မဟုတ်သေးပါဘူး … ဗထူးအထိတော့ အိမ်သာသွားမတက်လောက်ပါဘူး။

“ဘယ်လောက် ကြာသွားပြီလဲ”

“၂ ပတ်လောက်ရှိပြီ… ငါးပိကြော်တွေတောင် ထည့်ပေး လိုက်သေးတယ်”

အိမ်သာထဲမှာများ ငါးပိကြော်စားနေတာလား၊ သဘော ပေါက်လိုက်ပါပြီ။ ဗိုလ်ကြီးထွန်းလင်းတစ်ယောက် ဗထူးတွင် သင်တန်းသွားတက်ခြင်းဖြစ်မည်။ မမအုံးပြောလိုသော စကားလုံးမှာ ထရိန်နင် (Training )ကို ပြောလိုခြင်းဖြစ်ပါသည်။နည်းနည်းလေး လွဲသွားသော စကားလုံးအတွက် မမအုံး အား ရှင်းပြမနေတော့ပါ။

“ဒါဆို ပြန်ဦးမယ်အစ်မ … နောက်တခါ အစ်ကိုကြီး လက်ထရိန်သွားတက်
ရင် ငါးပိကြော်တင်မကပဲ လက်ဆေးဖို့ ဆပ်ပြာ လေးပါ ထည့်ပေးလိုက်ပေါ့ အစ်မရယ်”

“ငါ့မောင်ပြောမှသတိရတယ် … လက်ထရိန်ထဲမှာ ငါးပိ ကြော်စားပြီး လက်ဆေးရတာပေါ့ကွယ် … ကျေးဇူးပါပဲ”
ခွန်သက်တင်ဆန်း

Posted in Uncategorized