မြန်မာနိုင်ငံတွင် တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်ချက်ပြုထားသည့် “Peacock Pansy ” ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် ယခုလကုန်တွင် စတင် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက် လုပ်ငန်းအနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၌ တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထားသည့် “Peacock Pansy” လိပ်ပြာပုံ ၂၀၀ ကျပ်တန်စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးအား ဇူလိုင် ၃၁ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ၊ ဝါဆိုလပြည့်ကျော် ၁၁ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇူလိုင် ၃၁ ရက် (ဗုဒ္ဓဟူးနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်၌ နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
crd//MT News